ဦးဟံသာမြင့် ပြန်လွတ်မြောက်လာမှု နိုင်ငံတကာနှင့် ပြည်တွင်းဖိအားကြောင့်ဖြစ်နိုင်ဟု သုံးသပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟို အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံဟာမြင့်ကို စစ်ကောင်စီက တနှစ်နီးပါးဖမ်းဆီးထားပြီး ဇန်နဝါရီ ၂၇ ရက်က ပြန်လွှတ်ပေးလိုက်တာဟာ  နိုင်ငံတကာအသိုက်အဝန်းနဲ့ ပြည်တွင်းဖိအားတွေကြောင့်လည်းပါနိုင်တယ်လို့ သူ့ရဲ့ မိသားစုက  ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ အန်အယ်လ်ဒီ ထိပ်တန်းခေါင်းဆောင် တယောက်ဖြစ်တဲ့ ဦးဟံသာမြင့်ကို  ဒေါက်တာမျိုးညွှန့်၊ ဦးသိန်ဦးတို့နဲ့အတူ စစ်ကောင်စီက  ပြီးခဲ့တဲ့ ၂၀၂၁ ခု ဒီဇင်ဘာ ၃၀ ရက်က  အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ် ၂ နှစ်ချခဲ့တာ ဖြစ်ပါတယ်။

အခု ၂၀၂၂ ခုနှစ် ဇန်နဝါရီ  ၂၇ ရက်နေ့မှာ ဦးဟံသာမြင့်ကို အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး သူ့မှာကင်ဆာရောဂါလည်းရှိ  ဖမ်းဆီးခံရစဉ် ကိုဗစ်-၁၉ ရောဂါလည်း ဖြစ်ခဲ့ဖူးတာကြောင့် ပြန်လွှတ်လိုက်တာလို့ ယူဆကြောင်းလည်း မိသားစုဝင်က ပြောပါတယ်။ 

အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးဟံသာမြင့်ဟာ အင်းစိန်ထောင်မှာ ဖမ်းဆီးခံနေရစဉ်  ပြီးခဲ့တဲ့နှစ် ဇူလိုင်လက  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရလို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကာ အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။

အသက် ၇၃ နှစ်အရွယ်  ဦးဟံသာမြင့်ဟာ  သွေးတိုး၊ ဆီးချိုရောဂါအခံတွေရှိပြီး ပြီးခဲ့တဲ့နှစ်က ဆီးကျိတ်ကင်ဆာခွဲစိတ်ကုသမှုခံယူထားသူ  ဖြစ်ပါတယ်။ 

သူနဲ့အတူ ဖမ်းဆီးခံထားရတဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းဟာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတာကြောင့် ရန်ကုန် ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် ( အိုင်စီယူ)မှာ ဆေးကုသမှုခံယူနေစဉ် ဇူလိုင် ၂၀ ရက်က ကွယ်လွန်သွားခဲ့ပါတယ်။

//
More News
Up