DVB Logo
Home
မြန်မာသတင်း
စစ်ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုအားပေး လက်နက်ပွဲစားလုပ်ငန်းရှင် ၉ ဦးကို NUG ထုတ်ဖော်
DVB
·
January 25, 2022
စစ်ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုအားပေး လက်နက်ပွဲစားလုပ်ငန်းရှင် ၉ ဦးကို NUG ထုတ်ဖော်
Donate to DVB

စစ်ကောင်စီကျူးလွန်တဲ့  စစ်ရာဇဝတ်တွေနဲ့  အကြမ်းဖက်မှုတွေကို အားပေးနေတဲ့  လက်နက်ပွဲစားလုပ်ငန်းရှင် ၉ ယောက်ရဲ့ အမည်တွေကို  အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဇန်နဝါရီ ၂၅ ရက် ဒီကနေ့ ထုတ်ဖော် ကြေညာလိုက်ပါတယ်။ 

အကြမ်းဖက် စစ်အုပ်စုအနေနဲ့ လက်နက်တွေ ဝယ်ယူရရှိနိုင်စေဖို့ ပံ့ပိုးပေးနေတဲ့ လုပ်ငန်း တွေနဲ့ဆိုင်တဲ့ ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဒီကနေ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဆိုပါ ကြေညာချက်ထဲမှာတော့ စစ်ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေကို အားပေးကူညီနေတဲ့ လုပ်ငန်းရှင် ၉ ယောက်ကို ဖော်ပြထားတာပါ။

အဆိုပါ ပုဂ္ဂိုလ်တွေကတော့  ဦးအေးကို(AK ကုမ္ပဏီအုပ်စု)၊ ဒေါက်တာ နိုင်ထွဋ်အောင်(International Gateway Group of Companies)၊ ဒေါက်တာ အောင်မိုးမြင့်(Dynasty Group of Companies)၊ ဦးစစ်တိုင်းအောင်(Suntac ကုမ္ပဏီအုပ်စု)၊ ဦးထွန်းလှိုင်(STE Global Trading ကုမ္ပဏီ)၊ ဂျော်နသန်ကျော်သောင်း(KT Group and Ky-Tha Group)၊ ဦးအောင်လှိုင်ဦး (Myanmar Chemical and Machinery (MCM) ကုမ္ပဏီအုပ်စု၊ ဦးတေဇ(ထူးကုမ္ပဏီအုပ်စု)နဲ့ ဦးဇော်ဝင်းဦး(Trident Marine Company)တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

NUG စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့ အဆိုပါ ကြေညာချက်ထဲမှာ တပ်မတော်အမည်ခံ အကြမ်းစစ်အုပ်စုဟာ နိုင်ငံတော်ပုန်ကန်မှုနဲ့  စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေပြီး ဒါဟာ Law of Armed Conflicts (လက်နက်ကိုင်ပဋိပက္ခ) ရဲ့ အခြေခံဥပဒေသတွေကို ချိုးဖောက်ရာရောက်သလို စစ်ရာဇဝတ်မှုတွေအဖြစ် နိုင်ငံတကာ တရားရုံးတွေနဲ့ စစ်ခုံရုံးတွေမှာ အရေးယူရမယ့် ပြစ်မှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ အကြမ်းဖက်စစ်အုပ်စု လက်နက်ဝယ်ယူရရှိနိုင်ဖို့အတွက် စီးပွားရေးလုပ်ငန်းမျိုးစုံကို အမည်ခံယောင်ပြပြုလုပ်ပြီး လက်နက်ပွဲစားတွေအဖြစ် နည်းလမ်းမျိုးစုံနဲ့ ကူညီပါဝင်နေကြတဲ့ အဆိုပါ လုပ်ငန်းတွေကို အမည်ပျက်စာရင်းသွင်းကြောင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဖော်ပြပါ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဆက်စပ်ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို ဝယ်ယူသုံးစွဲတာ၊ ရောင်းဝယ်ဖောက်ကား သိုလှောင်ဖြန့်ဖြူးရောင်းချတာတွေ၊ လုပ်ငန်းချင်း  Business to Business ချိတ်ဆက်ဆောင်ရွက်တာ၊ ငွေပေးငွေယူပြုလုပ်တာမျိုးတွေကို အလျဉ်းမပြုလုပ်ကြဖို့နဲ့ အဲဒီလုပ်ရပ်တွေကိုလည်း အကြမ်းဖက်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ ထောက်ခံအားပေးတဲ့ လုပ်ရပ်တွေအဖြစ် သတ်မှတ်ကြောင်း ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013