မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီ တပ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့အတူ CDM ပြုလုပ်လာတယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
အာဏာဖီဆန် CDM ပြုလုပ်လာသူတွေကတော့ ၂၅၆ တပ်ရင်းက တပ်သား စောကလဲဘွဲထူးနဲ့ တပ်သားကိုသက်တို့ ဖြစ်ကြပြီး ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ကို လက်နက်အပ်ကာ လာရောက်ပူးပေါင်းတာကြောင့် လွတ်မြောက်နယ်မြေသို့ ပို့ဆောင်လာပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်အတွင်းမှာ စစ်ကောင်စီရဲ့ ဖိအားပေးမှုတွေကို မခံနိုင်တာ၊ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကိုမနှစ်သက်တာတွေကြောင့် CDMပြုလုပ်လိုနေတဲ့ စစ်သားအများအပြားရှိနေတယ်လို့ ပြည်သူနဲ့ ပူးပေါင်းလာသူတွေထံက သိရပါတယ်။
ဇန်နဝါရီ ၁၉ ရက် မနက်ကလည်း ပခုက္ကူခရိုင်၊ ကမ္မမြို့က ရဲတပ်သားတစ်ယောက် လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးသွားတယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
စစ်ကောင်စီတပ်သားတွေအနေနဲ့ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံချင်ပါက ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြိုဆိုလက်ခံနေပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးမှာဖြစ်တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ဆိုပါတယ်။
ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးစ အချိန်တွေအတွင်းမှာ ရဲတပ်သားတွေ CDM ပြုလုပ်ခဲ့ကြတဲ့အတွက် စစ်ကောင်စီက အပြင်းအထန်လိုက်လံရှာဖွေဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
Photo -ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့