မန္တလေးတိုင်း မိုးကုတ်မြို့မှာ စစ်ကောင်စီက ဇန်နဝါရီလအတွင်း လျှပ်စစ်မီး နေ့စဥ်ဖြတ်တောက်ပြီး မီးစက်အသုံးပြုတဲ့ နေအိမ်အချို့ကို ဒဏ်ငွေတောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မီးက ညလူအိပ်ချိန်မှလာတယ်၊ လာလည်း ခဏပဲလာတယ်၊ ထမင်းဟင်းချက်လို့မရဘူး၊ မီးစက်ခုတ်ပြန်တော့လည်း ဒဏ်ငွေလိုက်တောင်းတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့မှာ ဇန်နဝါရီလအတွင်း လျှပ်စစ်မီးက နေ့စဥ်နီးပါးပြတ်တောက်နေတာဖြစ်ပြီး ညပိုင်း လူအိပ်ချိန်မှသာ မီးလာတာလို့ သိရပါတယ်။
မီးစက်အသုံးပြုတဲ့ နေအိမ်အချို့ကို စစ်ကောင်စီတပ်တွေက ဒဏ်ငွေလိုက်လံတောင်းခံတာဖြစ်ပြီး ၁ သိန်းခွဲက စတင်ပြီး ငါးသိန်းကျပ်အထိ ပေးဆောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ညပိုင်းကို မီးစက်မခုတ်ရဘူးဆိုပြီး မြို့ထဲလိုက်အော်သေးတယ်။ မီးကလည်း ဖြတ်ထားတယ်၊ မီးစက်ခုတ်ရင်လည်း ပေးမခုတ်ဘူး" လို့ဒေသခံတစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်တွေဟာ ကျောက်ကုန်သည်တွေနဲ့ မီးစက်အသုံးပြုတဲ့ နေအိမ်တွေကို ငွေကြေးတောင်းခံနေသလို အမည်မသိအဖွဲ့တစ်ခုကလည်း ခြိမ်းခြောက်စာပို့ပြီး ငွေတောင်းခံနေတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့မှာ အင်တာနက်လိုင်းတွေ ပြတ်တောက်ခံထားရတာ ၅ လနီးပါးရှိပြီဖြစ်ပြီး လျှပ်စစ်မီးတွေပါ အဖြတ်ခံထားရတာကြောင့် သတင်းစီးဆင်းမှုလည်း ပြတ်တောက်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။