အကြမ်းဖက် ‘စကစ’မှာ အနာဂတ်မရှိ

အာဏာလုစစ်အုပ်စုခေါင်းဆောင်က “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တယောက်အနေနဲ့ သည်းခံနိုင်တဲ့ အတိုင်းအတာကုန်သွားပြီ။ နောက် ‘နှစ်လ’အတွင်းကိုမှ ပြည်သူကို စိတ်ဒုက္ခပေးနေတဲ့ အကြမ်းဖက်သမား ပီဒီအက်ဖ်တွေကို မသုတ်သင် မရှင်းလင်းနိုင်ဘူးဆိုရင် လက်ရှိ စစ်တိုင်းမှူးတွေ၊ စစ်ဗျူဟာမှူးတွေ နောက်ပြီး ရဲတပ်ဖွဲ့မှူးတွေ အားလုံးကို ဖြုတ်ပစ်မယ်”လို့ တပ်တွင်း အစည်းအဝေးပွဲတခုမှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။   

ဒါဟာ ‘စကစ’စစ်တပ် ဘယ်လောက်အထိနာပြီး စစ်ရေးအရှုံးပေါ်နေတယ်ဆိုတာကို ဖော်ပြရာလည်း ရောက်တယ်။  တပြိုင်တည်း တပ်တွင်း တိုင်းမှူး၊ ဗျူဟာမှူးတွေကို ခြိမ်းခြောက်ရာလည်း ရောက်စေခဲ့ပါတယ်။ စစ်ရေးအရ ရှုံးနေတာကို တဖက်လှည့်ဝန်ခံရာလည်း သက်ရောက်နေတယ်။ ‘သုတ်သင်ရမယ်’ဆိုတဲ့ ဗိုလ်မင်းအောင်လှိုင်ရဲ့ စကားအရ အကြမ်းဖက်စစ်အုပ်စုဟာ ‘စစ်တိုက်တာကို လူသတ်တယ်’လို့ထင်မြင်ဟန်လည်း ရှိတယ်။ ဒါကြောင့် ဒီထုတ်ဖော်ပြောကြားချက်ဟာ မကြာမီကာလအတွင်း ‘စကစ’ရဲ့အနာဂတ် ပျောက်ဆုံး ’တော့မယ် ဆိုတာကို သတိပေးခေါင်းလောင်းထိုးလိုက်တဲ့ အသံလည်း ဖြစ်တယ်။

တကယ်တော့ စစ်အာဏာရှင်ဆိုတာ လက်နက်ကိုပဲ ယုံတယ်။ လက်နက်ကိုပဲ ကိုးကွယ်တယ်။ လက်နက်ကိုင် အချင်းချင်း အားကြီးရာက အနိုင်ယူစမြဲပဲ။ စစ်ရေးအမြင်နဲ့ပဲ အရာရာကို ကြည့်တတ်တယ်။ သူ အားကိုးအားထားပြုရာ စစ်မှာ ရှုံးနိမ့်ပြီဆိုရင် ဆုံးဖြတ်ချက်တွေ မှားလာတတ်တယ်။ ဘဝရဲ့အရှုံးကို မြင်ပေမယ့် လက်မခံနိုင်ဘူး ဖြစ်လာတယ်။  ကိုယ်တိုင်အမှားကို ဝန်မခံရဲတဲ့အတွက် သူတပါးအပေါ် အပြစ်ပုံချလာတယ်။ ပြည်သူကို အပြစ်ပုံချလာတယ်။ သူ့ကို လက်မခံလိုသူတွေနဲ့ ဆန့်ကျင်သူတွကို အဖျက်သမားအဖြစ် စွပ်စွဲလာတယ်။ ဒါဟာ စစ်အာဏာရှင်တိုင်းရဲ့ စရိုက်လက္ခဏာနဲ့ ကျူးလွန်လေ့ရှိတဲ့ အမှားပဲ ဖြစ်တယ်။

သံခင်းတမန်ခင်းကိစ္စမှာလည်း စကစအုပ်စု ကျဆုံးနေတာကို ပြည်သူတိုင်း အသိ။ ကမ္ဘာနိုင်ငံတွေ အသိဆုံး။ လွတ်လပ်ရေးနေ့သဝဏ်လွှာ ပေးပို့တဲ့ နိုင်ငံတွေထဲမှာ အိမ်နီးချင်းနိုင်ငံတွေလည်း မပါ။ အာဏာရှင်အချင်းချင်းမှာတောင် လေးနိုင်ငံထက်ပိုပြီး အသိအမှတ်ပြုခြင်း မခံရ။ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတော်အစိုးရအဖြစ် ဘယ်နိုင်ငံကမှ အသိအမှတ်မပြု။ လူယုတ်မာကို ရှောင်ဖယ်ကြတဲ့ အခြေအနေမျိုးတရပ်ဟုပင် ဆိုနိုင်တယ်။ မသူတော်ချင်း ဖေးမဖို့ ကမ္ဘောဒီးယားက ဟွန်ဆန်ကတော့ လာတွေ့သွားလေရဲ့။

လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးကို ကြည့်ရင်လည်း အကြမ်းဖက်စစ်အုပ်စုကာလမှာ ဆုတ်ယုတ်ပျက်စီးခြင်းနဲ့ ကြုံနေရတာ အားလုံးအသိ။ ဒီအချက်တွေဟာ တခုနဲ့တခု ဆက်စပ်နေတယ်။ စစ်တပ်က အာဏာသိမ်းတော့ ကိုဗစ်ကြောင့် ကျဆင်းနေတဲ့ စီးပွားရေးဟာ အဆမတန် ထိုးကျသွားတယ်။ အရင်က ကိုဗစ်ကြောင့် ကျဆင်းနေတဲ့ စီးပွားရေထက် ၃၀ ရာခိုင်နှုန်းအထက် ပိုလို့နိမ့်ဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ 4

ဝန်ထမ်းတွေ ‘CDM’လုပ်တော့ ယန္တရားပါ ရပ်ဆိုင်းသွားတယ်။ စီးပွားရေးမှာ အကျပ်အတည်း ပိုဖြစ်လာတယ်။ ကျန်းမာရေးမှာလည်း ‘CDMကြောင့် အဆိုးဝါးဆုံးအခြေအနေ ရောက်တယ်။ ပညာရေးလည်း လယ်ဗယ်မျဉ်းထိုးဆင်းသွားတယ်။ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး ‘GDP’ဟာ ၁၇ ဒသမ ၉၄ ရာခိုင်နှုန်းအထိ ထိုးကျသွားတယ်။ အာဏာလုမယူမီ ကိုဗစ်ကြောင့် ကျဆင်းနေတာထက် ၃၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားတာကို တွေ့ရတယ်။ စစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီထုတ်ပစ္စည်း မှန်သမျှကိုလည်း ပြည်နယ်တိုင်း အစုံစုံက ဆန့်ကျင်ဖျက်ဆီးတဲ့အထိ ရောက်ရှိလာတယ်။ အကြမ်းဖက် စစ်တပ်အတွက် စီးဆင်းရာဘဏ္ဍာငွေကို ဖြတ်တောက်လိုက်ကြတာပါပဲ။

ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးသာမက အုပ်ချုပ်ရေးမှာလည်း တနိုင်ငံလုံး မလွှမ်းခြုံနိုင်လောက်အောင် ပျက်ပြားသွားခဲ့တယ်။ တိုင်းရင်းဒေသတွေနဲ့ တိုင်းဒေသကြီးတချို့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာမတည်တော့ဘူး။ လူတိုင်းနီးပါး ဆန့်ကျင်လာတယ်။ ဆန့်ကျင်ရာ ဒေသတိုင်းကို စစ်မျက်နှာဖွင့် တိုက်ခိုက်ချေမှုန်းလာတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဖွင့်သမျှ စစ်မျက်နှာတိုင်းမှာ အရှုံးနဲ့ ရင်ဆိုင်နေရတယ်။ 

ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်ရမ်းကားမှုလုပ်ရပ်တွေကြောင့် ကိုယ့်မြို့၊ ကိုယ်ရွာ၊ ကိုယ့်ဒေသကို ကိုယ်တိုင်ကာကွယ်လာကြရတယ်။ အဲဒီကနေ ဒေသဆိုင်ရာ လက်နက်ကိုင်အဖွဲ့ငယ်လေးတွေ ပေါ်လာတယ်။ အချိန်ကြာလာတော့ အဖွဲ့ငယ်တွေ ပေါင်းစုမှုကြောင့် အဖွဲ့ကြီးတခု ဖြစ်လာတယ်။ ကိုယ့်မြို့ရွာ အုပ်ချုပ်ရေးကို PDF တွေကပဲ တာဝန်ယူလာတဲ့အခြေအနေတွေ ဖြစ်လာတယ်။ ပြည်သူလူထု ထောက်ပံ့မှုနဲ့ တူမီး၊ လက်လုပ် လုပ်သေနတ်ကနေ နှိမ်နင်းရေးရိုင်ဖယ်တွေ ကိုင်လာနိုင်တယ်။ 

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ မိုင်းဒဏ်ကို အကြမ်းဖက်စစ်တပ်ဟာ နာလန်မထူအောင် ခံလာရတယ်။ အကျအဆုံးတွေ များလာတယ်။ တပ်တွင်းအထက်အရာရှိကို ပြန်လည်ပစ်ခတ်တာတွေ ဖြစ်လာတယ်။ စစ်သားတချို့နဲ့ အရာရှိတချို့ အမျိုးသားညီညွတ်ရေးအစိုးရထံ အလင်းဝင်လာကြတယ်။ ဖွဲ့စည်းပုံမပြည့်တဲ့ တပ်အတွက် စစ်သားမိန်းမတွေ၊ ရဲမိန်းမတွေကို စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးလာတယ်။ ဒါ့အပြင် အရန်မီးသတ်နဲ့ ကြက်ခြေနီတွေကိုပါ စစ်သင်တန်းပေးဖို့ စီစဉ်လာတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးပါတီဝင်တွေကိုပါ စစ်တပ်ထဲ ဆွဲသွင်းလာတဲ့အထိ ဖြစ်လာတယ်။ စစ်သားမလုံလောက်၊ အောက်ခြေစစ်သားမရှိတော့တဲ့ အနေထားကို ဒီအချက်တွေက ဖော်ပြနေတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မှူး၊ ဗျူဟာမှူးတွေကတော့ ဒီပွဲမှာ သူတို့ ရှုံးနိမ့်ပြီ။ ဘယ်လိုမှ နိုင်ခြေမရှိတော့ဘူး ဆိုတာကို စစ်ရေးအတွေ့အကြုံအရ သိနေကြပြီ။ ဒီလိုအခြေအနေမှာ အောက်ခြေစစ်သားတွေဟာ အကြောင်းမဲ့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်တွေအတွက် ပေးဆပ်နေကြရတယ် ဆိုတာကို သဘောပေါက်လာတယ်။ ‘စစ်ရေးစစ်ရာမှာ အောင်မြင်စွာ ဆုတ်ခွာနိုင်ပါလျက် ‘တယောက်မကျန် သေသည်အထိ ခုခံတိုက်ခိုက်စေခြင်းဟာ တရားသော အမိန့်မဟုတ်ဘူး ဆိုတာကို သိနေကြတယ်။’ ဒါပေမဲ့ မလွန်ဆန်နိုင်ကြဘူး။ ဟစ်တလာ စစ်ရှုံးတော့မယ့် အခြေအနေတွေမှာလည်း ဒီလိုအဖြစ်မျိုးတွေ ကြုံခဲ့ရတယ်လို့ မှတ်သားရဖူးတယ်။

ဟစ်တလာလည်း ဒီလိုပါပဲ။ စတာလင်ဂရက် တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တော့ အကြီးအကျယ်ဒေါပွပြီး ဗိုလ်ချုပ်ကြီး ‘ဟဲလ်ဒါ’ကို တခါတည်း ဖြုတ်ပစ်ခဲ့တယ်။ ကော့ကေးဆပ်ပြည်နယ်ကို မသိမ်းနိုင်ဘဲ ဆုတ်ခွာလာတဲ့ ဗိုလ်ချုပ်ကြီးတွေအပေါ်မှာ မကျေမချမ်းဖြစ်ပြီး ‘ဗိုလ်ချုပ်ဂျိုဒယ်’ကို ဖြုတ်ပစ်လိုက်ပြန်တယ်။ ဂျိုဒယ်နေရာကို ‘ဗိုလ်ချုပ်ဗွန်ပေါလတ်’ကို ခန့်ထားလိုက်တယ်။ အကြောင်းစုံကို ကြုံတွေ့သိရှိနေတဲ့ ‘ဗိုလ်ချုပ်ဗွန်ပေါလတ်’ကလည်း သူ့အဖြုတ်မခံတော့ဘဲ တပ်နီတော်မှာ လက်နက်ချလိုက်တော့တယ်။ နောက်ဆုံးတော့ သူ အားကိုးရာ ဗိုလ်ချုပ်ကြီးတွေနဲ့ ပဋိပက္ခဖြစ်ပြီး သူ့ကိုလုပ်ကြံဖို့အထိ ဖြစ်လာခဲ့တယ်။ 

ဟစ်တလာတပ်ဟာ အရှုံးနဲ့ ရင်ဆိုင်ရတယ်။ တပ်နီတော်ကလည်း ဂျာမန်အစပ်ကနေ ဝင်ရောက်လာခဲ့ပြီ။ စစ်မျက်နှာအားလုံးနီးပါး ရှုံးနိမ့်နေတယ်။ အရှုံးကို လက်မခံနိုင်တဲ့ ဟစ်တလာဟာ ဗိုလ်ချုပ်ကြီးတွေကို “အစစအရာရာ ဘယ်တော့မှ အဆင်သင့်မရှိကြဘူး” လို့ မာန်မဲလာတယ်။ ဟစ်တလာ အရူးမီးဝိုင်းဖြစ်လာတယ်။ တပ်သားအချို့ဟာ တပ်ကနေ ထွက်ပြေးလာကြတယ်။ “တပ်သားတွေကို မရိုးမသားခရီးသွားလက်မှတ်လိမ်နဲ့ အပြင်မှာတွေ့ရင် အစစ်ဆေးမရှိ ပစ်သတ်ဖို့” စာတွေထုတ် ညွှန်ကြားလာတယ်။ 

“မည်သည့်တပ်သားမဆို မိမိတို့တပ်နှင့် ကင်းကွာ၍ အခြားတနေရာတွင် တွေ့ရှိသော တပ်သားများသည် လည်းကောင်း၊ မိမိတို့နှင့် ကွဲနေ၍ တပ်ရင်းရှိရာ လိုက်လံရှာဖွေနေပါသည် ဆိုသော တပ်သားများသည်လည်းကောင်း တွေ့ရာနေရာတွင် ပစ်သတ်ခြင်းခံရမည်” ဆိုတဲ့ ကြေညာချက်တွေ ထုတ်ပြန်လာတယ်။ ဒါ့အပြင် ရိုးရိုးတပ်သားများသာမက တပ်မှူးကြီးတွေ ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင် မျက်ခြည်မပြတ် စောင့်ကြည့်ခြင်းခံလာရတယ်။ တချို့ ဗိုလ်ချုပ်ကြီးတွေကတော့ အာဏာရှင်ကို အာမခံရဲတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ကြတယ်။ ဟစ်တလာဟာ တဖြည်းဖြည်း စိတ်ချောက်ချားပြီး သူ့ကိုလုပ်ကြံမှာကိုပါ စိုးရိမ်စိတ် လွှမ်းမိုးလာတော့တယ်။ 

တချို့ဗိုလ်ချုပ်ကြီးတွေကတော့ ဟစ်တလာကို လုပ်ကြံဖို့ ပြင်ဆင်လာတယ်။ ဟစ်တလာရဲ့ အစည်းဝေးခန်းမထဲမှာပင် ဗုံးပေါက်ကွဲလာတဲ့အထိ ဖြစ်လာတယ်။ ဒေါက်တာမော်ရဲလ်ကလည်း ဟစ်တလာကို ဆေးထိုး ဆေးတိုက်ခြင်းမှာ အဆိပ်ပါတဲ့ဆေးတွေကို ဟစ်တလာ အသေစောဖို့အတွက် လိုအပ်သည်ထက် ပိုကျွေးလာတယ်လို့ ဆိုတယ်။ ဟစ်တလာလည်း အဲဒီနောက် စိတ်ဓာတ်ကျဆင်းလာပြီး ဗေဒင်ဟောစာတမ်းကို ရှာဖွေဖတ်ရှုရင်း အားတင်းလွှဲရှောင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဗေဒင်ဟောစာတမ်းအရလည်း အပျက်ဘက်ရောက်လာပြီမို့ သူ့အတွက် အနာဂတ်ပျောက်နေတာကို နားလည်လိုက်ပြီး သူ့ကိုယ်သူ သတ်သေလိုက်တော့တာပါပဲ။ အာဏာရှင်တယောက်ရဲ့ အနာဂတ်ဟာ အသေထွက်နဲ့ပဲ လောကကြီးထဲက ထွက်ခွာသွားကြရတာပါပဲ။

‘စကစ’ စစ်တပ်မှာလည်း ဒီအခြေအနေတွေကို ကြုံတွေ့နေရပြီ။ အကြမ်းဖက်စစ်တပ်က အရာရှိအချို့နဲ့ တပ်သားအချို့တို့ ထွက်ပြေးပြီး NUGမှာ ခိုလှုံကြ။ တချို့လည်း တိုက်ပွဲတွေမှာ ကျဆုံးသူက ကျဆုံး၊ ထွက်ပြေးသူက ထွက်ပြေးနဲ့ တပ်ပြေးတွေ များလာခဲ့တယ်။ ပြည်သူတွေကတော့ ‘အကြမ်းဖက်စစ်တပ်’လို့ပဲ သုံးကြပါတယ်။ ပြည်သူအများစုဟာ အကြမ်းဖက် စကစတပ်ကို လက်မခံကြတော့ဘူး။ ပြည်သူဟာ သူ့တို့ရဲ့ ညီညွတ်မှုအားကို ဆိတ်ငြိမ် ဆန္ဒပြပွဲတွေ၊ မြန်မာပလာဇာကို ဘွိုင်းကောက်လုပ်တာတွေနဲ့ စစ်အကြမ်းဖက်အုပ်စုကို ဆန့်ကျင်ကြောင်း တညီတညွတ်တည်း ပြခဲ့ကြတယ်။ PDF တို့ရဲ့ အုပ်ချုပ်မှုနဲ့ အကာအကွယ်ကို ယူလာကြတယ်။ PDF တွေကို အားကိုးလာကြတယ်။ မြန်မာပြည်ရဲ့ ဒေသအတော်များများမှာ ပြည်သူကာကွယ်ရေးအဖွဲ့တို့ရဲ့ ဩဇာကြီးလာတယ်။

‘စစ်သားဆိုတာ သေခြင်းတရားနဲ့ အနီးဆုံးလူတွေ။ ဒါပေမဲ့ အားလုံး သေလိုက်လို့ မဖြစ်သေးတာ နိုင်ငံရဲ့သဘောသဘာဝပဲ ဖြစ်တယ်။ စစ်သားတယောက်ဟာ စစ်ပွဲမှာ အတိုင်းအတာတခုပဲ ပေးဆပ်နိုင်မယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်စွာ ရမ်းကားမှုဟာ တနိုင်ငံလုံး ပြာပုံဘဝ ရောက်တော့မယ်။ အနာဂတ်သားကောင်းလေးတွေ သေကျေပျက်စီးကြရတော့မယ် ဆိုရင်တော့။ စစ်ဟာလည်း အရှုံးနဲ့ပဲ ရင်ဆိုင်နေရပြီဆိုရင် ဒီစစ်ဟာ ဆက်မတိုက်သင့်တော့ဘူး’ ဆိုတာကိုတော့ ဗိုလ်မင်းအောင်လှိုင်တို့ အကြမ်းဖက်အုပ်စုဟာ စာနာနားလည်နိုင်မယ် မဟုတ်ပေဘူး။ 

အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်များဟာ အမှန်တကယ် မိမိတပ်သားတွေအပေါ် ငဲ့ညှာမယ်ဆိုရင် အရှုံးကို လက်ခံပြီး ဆုတ်ခွာမယ်ဆိုရင် အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်သားတွေ အထိအခိုက် နည်းနိုင်သေးတယ်။

ဆက်လက်မိုက်တွင်းနက်နေဦးမယ်ဆိုရင်တော့ ဗိုလ်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတို့ရဲ့ ရွေးချယ်မှုကို စစ်သားတွေဟာ သူတို့ဘဝတွေကို အချည်းအနှီး စတေးပေးရတဲ့ အခြေအနေပဲ ဖြစ်လာတယ်။ ဒီအခြေအနေဟာ မကြာခင်မှာ ဟစ်တလာတို့ရဲ့ ကံကြမ္မာအတိုင်း ကြုံတွေ့လာကြရတော့မှာပဲ ဖြစ်တယ်။

ဒါကြောင့် အသေအချာ ပြောပြနိုင်တာကတော့ “စကစ အကြမ်းဖက်စစ်အုပ်စုမှာ အနာဂတ် မရှိတော့” ဆိုတာပါပဲ။ 

ဂန္ထဝင်မောင်ထူး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up