Home
မြန်မာသတင်း
မြန်မာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၁၇ ဦးတွေ့ရှိပြီး ၇ ဦး ထပ်မံသေဆုံး
DVB
·
December 18, 2021

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၁၇ ဦးနဲ့ ကူးစက်ခံရသူပေါင်း ၅၂၇,၉၃၁ ယောက်ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၇ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၄,၇၀၈ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ်  ၂၁၇ ယောက်တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း  ၁ ဒသမ ၄၈ ရာခိုင်နှုန်း  ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၃၇၄   ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ ၇ ယောက်နဲ့ စုစုပေါင်းသေဆုံးသူအရေအတွက်ကတော့ ၁၉,၂၀၈ ယောက် ရှိနေပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အစောဆုံးထိုးနှံနိုင်ခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အာဆီယံ ၁၀ နိုင်ငံမှ ကာကွယ်ဆေးအပြည့်ထိုးပြီးသူ ရာခိုင်နှုန်းမှာတော့ အနည်းဆုံးဖြစ်နေတာကို Vaccine Tracker အချက်အလက်တွေအရ တွေ့ရှိရပါတယ်။

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နဲ့နွားထိုးကြီးမြို့နယ်တို့ကို stay at home အစီအစဥ်က ပယ်ဖျက်လိုက်တာကြောင့် ချင်းပြည်နယ် ဟားခါးမြို့နယ်တစ်မြို့နယ်သာ ကျန်ပါတော့တယ်။ ဟားခါးမြို့ကို ၅-၆-၂၀၂၁ ကစပြီး စတေးဟုမ်းမြို့နယ်အဖြစ်သတ်မှတ်ထားတာ အခုအခါ ၇ လကျော်ပြီဖြစ်ပြီး ပိုးတွေ့လူနာဦးရေကလည်း အခြားမြို့တွေထက် နည်းပါးပါတယ်။

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ကူးစက်ခံရတာ တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါ၊ မော်လ်ဒိုက် အပါအဝင် နိုင်ငံပေါင်း ၉၂ နိုင်ငံ ရှိလာပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024