ဒီဗွီဘီသတင်းထောက် ကိုအောင်ကျော် ပြောပြတဲ့ “စစ်ကြောရေး ငရဲခန်း”

စစ်ကောင်စီရဲ့ အကျဉ်းစခန်းကနေ  မကြာသေးခင်လပိုင်းကမှ ပြန်လည်လွတ်မြောက်လာတဲ့ မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်ဟာ ဖမ်းဆီးခံရစဉ်ကာလက စစ်ကြောရေးမှာ   သေလုမြောပါး နှိပ်စက်ခံခဲ့ရတဲ့ အကြောင်း ဒီဗွီဘီနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောပြထားပါတယ်။

ကိုအောင်ကျော်ဟာ သတင်းထောက်တာဝန်ထမ်းဆောင်ရင်း မတ်လ ၁ ရက်နေ့က မြိတ်မြို့က နေအိမ်မှာ အကြမ်းဖက်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက် ၈ လနီးပါး ( ရက်ပေါင်း ၂၃၀) အကြာ အောက်တိုဘာ ၁၈ ရက်နေ့မှာ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ ပြန်လည်လွတ်မြောက်လာပြီးနောက် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်လို့ ကိုအောင်ကျော်ကို   ဒီဗွီဘီ သတင်းထောက် ခိုင်ပန်းနုက တွေ့ဆုံမေးမြန်းထားပါတယ်။ 

မေး။ ပထမဆုံးအနေနဲ့မေးချင်တာက  အခု မတ်လ ၁ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပေါ့နော်။ ဒီလိုမဖမ်းဆီးခင် သတင်းမီဒီယာနဲ့ပတ်သက်ပြီး ဘာတွေကို အဓိက လုပ်ဆောင်ခဲ့လို့ စစ်အာဏာရှင်နဲ့ပတ်သက်ပြီး ဘာတွေလုပ်ခဲ့လို့ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရတာလဲ။

ဖြေ။ “စစ်သားတွေ၊ ရဲတွေကနေပြီးတော့ ဒီရပ်ကွက်အတွင်းမှာရှိတဲ့ နေအိမ်တွေကို အင်အားအလုံးအရင်းနဲ့ဝင်တယ်။ ဝင်ပြီးတော့ဘာလုပ်လဲဆိုရင် အိမ်ထဲမှာရှိတဲ့ မှန်တွေကို ရိုက်ခွဲတယ်။ ပြီးတော့ နေအိမ်ထဲမှာ လူငယ်တွေရှိတယ်ဆိုရင် အဲဒီလူငယ်တွေကိုပါ ရိုက်နှက်ပြီးတော့ ခေါ်ဆောင်သွားတာတွေလုပ်ခဲ့တယ်ပေါ့။ လုပ်ခဲ့တဲ့အချိန်နဲ့ပတ်သက်ပြီးတော့ ကျနော်က အဲဒီအချိန်မှာ live လွှင့်တာပေါ့။ မြေပြင်မှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို ကျနော်က တိုက်ရိုက်လွှင့်တယ်။ ပြောတယ်ပေါ့လေ။ အဲဒီအချိန်မှာ စစ်တပ်နဲ့ ဆန္ဒပြပြည်သူတွေကလည်း ဒီဘက်က ပြည်သူတွေက လေးခွတွေနဲ့ ပစ်တာပေါ့လေ။ ဟိုဘက်ကလည်း ပြန်ပစ်တယ်ပေါ့။ ရာဘာကျည်တွေနဲ့ ပစ်တယ်။ အဲလိုအခြေအနေမျိုးတွေကလည်း ကျနော့် live မှာလည်း ပါတယ်ပေါ့။

အဲဒီတော့ စစ်ကားတွေက ပြန်လည်းထွက်သွားရော အဲဒီအချိန်မှာ ရပ်ကွက်နေပြည်သူ ကျနော့်ကို ဝိုင်းလာကြတယ်။ ဝိုင်းလာပြီးတော့ ဘာပြောလဲဆိုတော့ ဟိုဘက်မှာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်ရဲ့အိမ်ကို စစ်တပ်နဲ့ ရဲတွေ ဝင်သွားတယ်တဲ့ ပြီးတော့ အမျိုးသမီးကိုလည်း ရိုက်နှက်သွားတယ်တဲ့။ ပြီးတော့ ပိုက်ဆံတွေလည်း ယူသွားတယ်တဲ့။ ဟုတ်လား၊ ဒါဆို ကျနော်လိုက်ခဲ့မယ်ဆိုပြီးတော့ ပါသွားတာပေါ့။ live လွှင့်ထားတာနဲ့ ပါသွားတာပေါ့လေ။ ကျနော့်ကိုခေါ်သွားတယ်။ ခေါ်သွားပြီးတော့ ကျနော် အဲဒီအမျိုးသမီးကို တွေ့လိုက်တယ်။ တွေ့တဲ့အချိန်မှာ အဲဒီအမျိုးသမီးက အိမ်ပေါက်ဝမှာ ထိုင်ပြီးငိုနေတာ။ ကျနော်ကတော့သတင်းသမားတယောက် ဖြစ်တဲ့အတွက်ကို ဒီမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတောကို ကျနော့်မှာ တင်ဆက်ဖို့ တာဝန်ရှိတဲ့အတွက် ကျနော် သူ့ကိုမေးတယ်။ အစ်မ ဘာဖြစ်သွားတာလဲ၊ ဘယ်သူတွေ ပါသွားလဲ၊ ဘယ်သူတွေ လာလဲပေါ့လေ။ ပြောချင်တာက ဒီဖြစ်စဉ်တွေအကုန်လုံးကို ကျနော်က တိုက်ရိုက်ထုတ်လွှင့်ပြီးတော့ မေးခဲ့တယ်ပေါ့။ အဲဒီအမျိုးသမီးကလည်း ပြောတယ်။ သူ့အိမ်ကို စစ်တပ်နဲ့ရဲတွေ ဝင်လာတယ်။ သူ့ကို ရိုက်နှက်သွားတယ်။ သူ့မောင်ကိုလည်း ရိုက်နှက်တယ်။ အိမ်မှာရှိတဲ့ ပိုက်ဆံကိုလည်း ယူသွားတယ်ပေါ့လေ။ ပိုက်ဆံဘယ်လောက်ပါသွားလဲဆိုတော့ ၄ သိန်းပတ်ဝင်းကျင်ပါသွားတယ်လို့ ကျနော့်ကို ပြောတယ်။ အဲဒါတွေ အကုန်လုံးကို ကျနော် live လွှင့်ပြီးတော့ ပြီးသွားတဲ့အချိန်မှာ ကျနော်ပြန်လာတယ်။

လိုင်းပေါ်မှာလည်း ကြည့်ရှုတဲ့သူက အရမ်းများသွားတယ်။ ဒီသတင်းက ကြည့်ရှုသူတော်တော်များတယ်။ တော်တော်လေးကို လူပြောများလာတယ်။ များလာတဲ့အခါကျတော့ ကျနော့်ကိုဝိုင်းပြီးတော သတိပေးလာကြတယ်။ မိတ်ဆွေတွေရော၊ အွန်လိုင်းကသူငယ်ချင်းတွေကော၊ တချို့တွေ ဖုန်းလည်း ဆက်ကြတယ်ပေါ့လေ။ ရှောင်နေတော့၊ ဒီသတင်းက အရမ်းကြီး ဟိုဟာဖြစ်နေတယ်။ သူတို့တွေ တော်တော်လေး ဟိုဟာဖြစ်လိမ့်မယ်။ သတင်းသမားတယောက်အတွက်လည်း တော်တော်လေး အန္တရာယ်များတယ်။ ရှောင်နေတော့လို့ကျနော့်ကိုပြောတယ်။ ရှောင်နေလို့ ပြောတဲ့အခါကျတော့ ပြောရရင်တော့ ကျနော်က အိမ်မှာပဲနေတဲ့လူ၊ ကျနော် ဒီမှာနေတယ်ဆိုတာလည်းအားလုံးသိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျနော်မရှောင်နေဘူး။ ကျနော့်မှာ အချက်နှစ်ချက်ကြောင့် ကျနော် မရှောင်ခဲ့ဘူးပေါ့။

တစ်တချက်က ဘာလဲဆိုတော့ ကျနော်က သတင်းသမားတယောက် ဖြစ်တယ်။ ရာဇဝတ်မှု ကျူးလွန်တဲ့သူမဟုတ်ဘူး။ နောက်တခုက ဘာလဲဆိုတော့ ကျနော့်လုပ်ရပ်နဲ့ပတ်သက်ပြီးတော့ ကျနော်က သတင်းသမားတယောက်ဖြစ်တဲ့အတွက်ကို ကျနော့်လုပ်ရပ်နဲ့ပတ်သက်ပြီး ကျနော် တာဝန်ယူနိုင်တယ်။ တာဝန်ခံနိုင်တယ်။ ဒီအတွက်ကို ကျနော် ဘာမှ ရှောင်စရာအကြောင်းမရှိဘူး။ ကျနော်တို့တွေသာ ရှောင်သွားခဲ့မယ်ဆိုရင် ဒီဒေသက သတင်းတွေကို ဘယ်သူ သတင်းပို့မလဲ၊ ဒီဒေသမှာ ပြည်သူတွေ တောင်းဆိုချက်တွေကို ကမ္ဘာကြီးက ဘယ်လိုသိမလဲဆိုတဲ့ဟာမျိုးက ကျနော်မေးခွန်းထုတ်တယ်ပေါ့။ အဲဒီအတွက်ကို ကျနော်က သတင်းသမားတယောက်ဖြစ်တဲ့အတွက် ကျနော်ဘာမှရှောင်စရာမလိုဘူး။ အဲဒီတော့ ကျနော် မရှောင်ဘူး။

နောက်တချက်က အရှေ့ပိုင်းကာလမှာ ဖြစ်ပျက်ခဲ့သလိုပေါ့လေ။ ကျနော့်ကို မတွေ့ရင် ကျနော့်မိသားစုကို သူတို့ဘယ်လို ဒုက္ခပေးမလဲ အဲဒါကလည်း စိုးရိမ်ရတယ်။ အဲဒီအချက်ပေါ့။ ဘာလို့လဲဆိုတော့ အိမ်မှာက ကျနော့်ဇနီးရှိတယ်။ ပြီးတော့ အသက် ၂ နှစ်တောင်မပြည့်သေးတဲ့သမီးလေးရှိတယ်။ ပြီးတော့ ညီမ တယောက်ရှိတယ်။ အတူတူနေကြတာပေါ့လေ။ ကျနော့်ကို မတွေ့ဘူးဆိုရင် ကျန်တဲ့ ကျနော့်ရဲ့မိသားစုဝင်တွေကို သူတို့ဘာလုပ်မလဲဆိုတဲ့ဟာတွေပေါ့။ အဲတော့ ကျနော့်အနေနဲ့ ဘာမှ ရှောင်စရာမရှိဘူး။ ဘာမှ အပြစ်လုပ်ထားတာလဲ မရှိဘူး။ အဲတော့ ကျနော်အိမ်မှာပဲနေတယ်။

ပုံမှန်ဆိုရင် စစ်ကားတွေက ကျနော့်အိမ်ရှေ့က မိန်းလမ်းမကြီးကိုး၊ ဆိုတော့ ကျနော့်အိမ်ရှေ့ကနေပြီးတော့ ည ၁၀ နာရီ၊ ၁၁ နာရီအထိ ကျနော့်အိမ်ရှေ့က ဖြတ်နေကျ။ လေး၊ ငါး ခြောက်စီးနဲ့ ကင်းလှည့်တာပေါ့လေ ပုံမှန်။ လမ်းပေါ်မှာ လူတွေက မရှိတဲ့အတွက် တိတ်ဆိတ်နေကျ။ သူတို့ကားသံတွေက အကျယ်ကြီး ကြားရနေကျ။ တရက်ကျတော့ ၁၀ နာရီခွဲပတ်ဝန်းကျင် ဖြစ်သွားတဲ့အချိန်မှာလည်း စစ်ကားတွေ အများကြီး ထပ်ကြားတယ်။ ကြားတော့ ကျနော် အိမ်ရှေ့ ထွက်ကြည့်လိုက်တာ။ ထွက်ကြည့်လိုက်တဲ့အချိန်မှာ အဲဒီစစ်ကားတွေ အကုန်လုံးက ကျနော့်အိမ်ရှေ့မှာပဲ ရပ်လိုက်တယ်။ ရပ်လိုက်တဲ့အချိိန်မှာ ကျနော့်စိတ်ထဲတော့ သိလိုက်ပြီပေါ့။ ဒါ ကျနော့်ကို လာခေါ်ပြီပေါ့။ အဲဒီအချိန် ကျနော် ကြည့်တဲ့အချိန်မှာပဲ အဲဒီပေါ်မှာက ရဲတပ်ဖွဲ့ ဝတ်စုံတွေ ဝတ်ထားတဲ့လူတွေ ပါတယ်။ ပြီးတော့ စစ်ယူနီဖောင်း ဝတ်ထားတဲ့လူတွေ ပါတယ်။ သူတို့ အဲဒီပေါ်က ဆင်းလာပြီးတော့ သူတို့လက်ထဲမှာ ဆလိုက်မီးတွေ ပါတယ်။ ပြီးတော့ အိမ်နားမှာ ကျနော် ကြားရတဲ့အသံက ဘာလဲဆိုတော့ လမ်းကြားတွေအကုန်လုံးကို သေနတ်နဲ့ချိန်ထားတယ်။ ထွက်လာရင် ပစ်၊ အဲဒီအပေါ်ကနေ တယောက်က ညွှန်ကြားလိုက်တယ်ပေါ့လေ။ ပြီးတော့ အိမ်တွေအကုန်လုံးကိုလည်း ဆလိုက်မီးနဲ့ လိုက်ထိုးတယ်။ ဘယ်သူမှ ထွက်မကြည့်နဲ့၊ ဓာတ်ပုံတွေ မရိုက်နဲ့ပေါ့ဗျာ။ ဖုန်းမီးပွင့်တာနဲ့ သူတို့က ပစ်မှာဆိုတော့ သူတို့ လာဖမ်းတယ်ဆိုရင် ကျနော်က LIVE လွှင့်ဖို့အတွက် စီစဉ်ထားပြီးသား။ ဘာလို့ အဲဒီလိုလုပ်လဲဆိုတော့ ဒီစစ်ကောင်စီတွေက တခြားသူတွေကို ယုတ်မာခဲ့သလိုမျိုးပဲ သတင်းသမားတွေအပေါ်မှာလည်း မယုတ်မာဘူးလို့ ပြောလို့မရဘူး။ အဲဒီတော့ သူတို့ရဲ့ ယုတ်မာမှုတွေကို ကမ္ဘာကြီးကို ပြန်ပြောပြဖို့ ကျနော်တို့ သတင်းသမားတွေမှာ တာဝန်ရှိတယ်။ အဲဒီအတွက်ကိုလည်း နောက်ဆုံးအချိန်အထိ သတင်းသမားတယောက်ရဲ့ တာဝန်ကျေရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့လေ။ အဲဒီတော့ သူတို့ ဘယ်လိုတွေ လုပ်ခဲ့လဲ၊ ဘယ်လိုတွေ ကျူးလွန်ခဲ့လဲဆိုတာ ပြသဖို့ တာဝန်ရှိတယ်။ ကမ္ဘာကြီးကို ပြောပြဖို့ တာဝန်ရှိတယ်။ အဲဒီအတွက် ကျနော်က LIVE လွှင့်ဖို့ ကျနော်က အဆင်သင့်လုပ်ထားပြီးသား။ တကယ်လို့ LIVE လွှင့်မယ်ဆိုရင်လည်း သူတို့က ကျနော့်ကို စစ်ကြောရေးတွေ ဘာတွေ ပိုပြီးနှိပ်စက်မယ်ဆိုတာ ကျနော် သိတယ်။ ဒါပေမဲ့ နှိပ်စက်တာက နောက်မှပေါ့။ ကိုယ့်ရဲ့တာဝန် ကိုယ်ကျေအောင် လုပ်ရမှာက အရင်ပေါ့။

အဲဒီတော့ ကျနော်က ဘာလုပ်လဲဆိုတော့ LIVE လွှင့်တယ်။ လွှင့်ပြီးတော့ LIVE က သတင်းတက်လာတော့ ကျနော်က ဝရန်တာကို ထွက်ပြီးတော့ သူတို့ကို မေးလိုက်တယ်။ ဝရန်တာကို မထွက်ခင်မှာ ဘာအသံကြားလိုက်လဲဆိုတော့ အောက်ထပ်က ကျနော်ထင်တာ ပထမ သော့တွေ ရိုက်ဖျက်နေတော့ ဗြောင်းဗြောင်းဗြောင်းနဲ့ အသံတွေ ကြားနေရတယ်။ အမှန်က အဲဒါ စီစီတီဗွီ ကင်မရာတွေကို ရိုက်တာ၊ အိမ်အောက်ထပ်မှာ စီစီတီဗွီကင်မရာ တပ်ထားတာရှိတယ်။ အဲဒီစီစီတီတီကင်မရာတွေအကုန်လုံးကို ရိုက်ခွဲတယ်။ ရိုက်ခွဲပြီးသွားတဲ့အချိန်မှ သူက တံခါးတွေကို စဖျက်တာပေါ့လေ။ တံခါးတွေဖျက်တော့ ကျနော် အပေါ်ထပ်က ဝရန်တာနေ LIVE လွှင့်ပြီး မေးလိုက်တယ်။ ဟေးလူတွေ ခင်ဗျားတို့ ဘာတွေလုပ်နေတာလဲလို့ မေးတယ်။ မေးတော့ ဟေ့ကောင်တဲ့ မင်း ဆင်းခဲ့တဲ့။ အဲတော့ ကျနော်ပြန်မေးတယ် ခင်ဗျားတို့ ဘာလာလုပ်တာလဲ၊ ဖမ်းဝရမ်းပါလား၊ မနက်ကျမှ လာခဲ့။ ဟိတ်ကောင် မင်းဘာမှ ပြောမနေနဲ့ မင်းဆင်းခဲ့ဆိုပြီး ကျနော့်ကို အောက်နေ အော်ဆဲတယ်။ အဲဒါ တယောက်ကနေပြီးတော့ ဘာထအော်လဲဆိုတော့ ဒီကောင် LIVE လွှင့်နေတယ်လို့ တယောက်က ထအော်တာ။ အဲဒီကနေစပြီးတော့ ကျနော့်ကို လေးခွနဲ့ လှမ်းပစ်ရော၊ အောက်ကနေပြီးတော့ လေးခွတွေနဲ့ ပစ်တယ်၊ ခဲလုံးတွေနဲ့ပစ်တယ်။ ကျနော်က အော်တယ်။ ခင်ဗျားတို့ အကြမ်းမဖက်နဲ့နော်၊ ကျနော် အေးဆေးဆင်းလာခဲ့မယ်။ မရဘူး။ သူတို့တွေက ပြောရမယ်ဆိုရင်တော့ ဆက်တိုက်ကို ပစ်တာဗျာ။ အဲတော့ ကျနော်အိမ်အထဲကို ပြန်ဝင်ရတယ်။ သူတို့ ပစ်လိုက်တဲ့ ခဲတွေကလည်း အကြီးကြီးတွေ နည်းတာမဟုတ်ဘူး။ အိမ်က ရှိတဲ့မှန်တွေအကုန်လုံးလည်း ကွဲကုန်တယ်ပေါ့။

အဲတော့ ကျနော် အပေါ်ထပ်ကနေ လှမ်းအော်တယ်။ ခင်ဗျားတို့တွေ အကြမ်းမဖက်နဲ့ ကျနော် အေးအေးဆေးဆေးဆင်းလာခဲ့မယ်၊ ခင်ဗျားတို့ ပစ်တာရပ်လို့ပြောတာ။ ဒါပေမဲ့ သူတို့ လုံးဝ မရပ်ဘူး။ ဒီလိုပုံစံမျိုးနဲ့ ကျနော် ဘယ်လို ဆင်းလာခဲ့ရမှာလည်း သူတို့တွေ တကယ်လည်း သူတို့ဖျက်မယ့်ပုံစံမျိုး ဖြစ်နေတယ်။ တကယ့်အကြမ်းကြီးတွေ၊ ကျနော် ဒီပုံစံနဲ့ဆို မဆင်းရဲဘူးလေ။ ပွင့်ပွင့်လင်းလင်းပြောရရင်၊ အဲတော့ သူတို့အဲလို ပစ်တဲ့အခါ မဖြစ်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် လုံနေအောင်လုပ်မှ ဖြစ်တော့မယ်ဆိုပြီးတော့ ကျနော် မီးတွေပိတ်လိုက်ပြီးတော့ ကျနော်အထဲမှာ LIVE လွှင့်ပြီးတော့ တောက်လျှောက်အော်တယ်။ အဲဒီအချိန် ကြည့်လိုက်တဲ့အချိန်မှာ ပတ်ဝန်းကျင်တခုလုံးကလည်း တိတ်ဆိတ်နေတယ်။ ဘယ်သူမှ ထွက်မကြည့်ရဲကြဘူး။ ကျနော်တို့ ဒီမှာ ဖြစ်ပျက်နေတဲ့ဟာကလည်း အားလုံးက ကြားနေရတယ်။ ဘာလို့လဲဆိုတော့ အားလုံးက တိတ်ဆိတ်နေတာကိုး၊ တိတ်ဆိတ်နေတော့ အားလုံးက အတိုင်းသားကြားနေရတယ်။ ဒီအချိန်မှာ ကျနော့်ကို ဘယ်သူမှ ထွက်မကူနိုင်တာကို ကျနော် သိတယ်။ ပြောရရင် ကျနော်မှ မဟုတ်ဘူး။ ကျနော့်ပတ်ဝန်းကျင်မှာ ဒီလို အဖြစ်ပျက်မျိုးဖြစ်ရင်တောင်မှ ထွက်ကြည့်ရဲမှာ မဟုတ်ဘူး။ သူတို့က အင်အားအရမ်းများတယ်။ အယောက် ၂၀၀ ဝန်းကျင်လောက်ရှိတယ်။  ကျနော် သတင်းထောက်တယောက်ကို ဖမ်းဖို့အတွက် သူတို့ အယောက် ၂၀၀ ဝန်းကျင်လောက်ရှိတယ်။ ဒီလိုအင်အားကြီးနဲ့ဆိုတော့ ကျနောလည်း ကျနော့်နားမှာဖြစ်တယ်ဆိုရင် ကျနော်က ဆူပါမင်းမှ မဟုတ်တာ။ ကျနော်ထွက်ပြီးတော့ ဆင်းကယ်ရဲမှာ မဟုတ်ဘူး။ ပတ်ဝန်းကျင်ကလည်း ဘယ်သူမှ မထွက်ရဲကြဘူး။ ဒါကလည်း အပြစ်ပြောစရာ အကြောင်းမရှိဘူး။ အဲတော့ ကျနော်ကနေ အကူအညီတောင်းတယ်။ သံပုံးတီးတယ်။ တခြားတော့မဟုတ်ဘူး။ ကျနော်က လက်နက်မရှိဘူး။ သတင်းသမား၊ ဘာမှ ပြစ်မှုကျူးလွန်တာလည်း မရှိဘူး။ အဲဒါကို အကြမ်းဖက်တဲ့ဟာကို ကမ္ဘာက သိအောင်လို့ ကျနော်ဒါ အကူအညီတောင်းတာပေါ့။ ကယ်ကြပါဦး၊ ဒီမှာ အကြမ်းဖက်နေပြီ။ ကျနော် အော်တယ်။ အဲဒီအချိန်မှာပဲ သူတို့ ပစ်လိုက်တဲ့ ခဲတခုကနေပြီးတော့ နံရံကိုထောက်ပြီးတော့ ပြန်ကန်လားမသိဘူး။ ကျနော့်ခေါင်းကို လာထိသွားတယ်။ ထိတော့ ကျနော်က အော်တယ်။ ကျနော် ခေါင်းထိသွားပြီ။ ခင်ဗျားတို့တွေ ဆက်မပစ်နဲ့တော့ အဲလိုပြောနေတဲ့အချိန်မှာ သူတို့က ဆက်ပစ်နေတဲ့အချိန်မှာ LIVE ကို ကျနော် ရပ်လိုက်တော့တယ်။ ဆက်မလွှင့်တော့ဘူး။ 

ဖုန်းကို RESET ချလိုက်တယ်။ RESET ချဖို့အတွက်ကိုလည်း ကျနော် နဂိုကတည်းက ဆော့ဝဲလ်ထည့်ထားပြီးသား၊ ကျနော့်မှာ နဂိုက စီစဉ်ထားပြီးသား၊ သူတို့လာဖမ်းရင် ဖုန်းကို RESET ချမယ်ဆိုတဲ့ဟာမျိုးပေါ့လေ။ ဖြစ်ချင်တော့ ဖုန်းထဲမှာလည်း ဒေတာတွေ ကျနော် BACKUP မလုပ်ရသေးတဲ့ဟာတွေ အများကြီးရှိတယ်။ ကျနော့်အလုပ်နဲ့သက်ဆိုင်တဲ့ ဒေတာတွေရှိတယ်၊ ကျနော့် ကိုယ်ရေးကိုယ်တဒေတာတွေရှိတယ်။ ပြောချင်တာက တချို့ဒေတာတွေက ကျနော် ပြန်မရတော့မယ့်ဒေတာတွေ၊ နှမြောဖို့ကောင်းတာပေါ့လေ။ RESET ချမယ့်အချိန်မှာတောင် လက်က တချက်တွန့်သွားသေးတယ်။ ဒါပေမဲ့လည်း မတတ်နိုင်ဘူး။ တကယ်လို့ ဒီဖုန်းသာပါသွားရင် ကျနော်သတင်းအရင်းအမြစ်တွေ၊ ပြောထားတဲ့သတင်း Source တွေနဲ့ ပြောထားတဲ့အချက်အလက်တွေရှိတယ်။ သူတို့တွေကို ထပ်ပြီးဖမ်းဆီးနိုင်ဖို့ အန္တရာယ်တွေ ပိုများသွားလိမ့်မယ်။ အဲတော့ ကျနော့်ရဲ့ သတင်းရင်းမြစ်ကို ကျနော် ကာကွယ်ရမယ်။ ကျနော့်ဖုန်းကို RESET ချလိုက်တယ်။ ကျနော့်အလုပ်နဲ့သက်ဆိုင်တဲ့ကိစ္စတွေကို သူတို့ သိလို့မရဘူး။  RESET ချမှရမယ်ဆိုတာနဲ့ ချလိုက်တယ်။ အဲလို RESET ချလိုက်တယ်ဆိုရင် သူတို့စစ်ကြောရေးမှာ ပိုပြီးတော့ မေးမြန်းမယ်၊ ပိုပြီးနှိပ်စက်မယ်ဆိုတာ ကျနော် သိပါတယ်။ ဒါပေမဲ့လည်း သတင်းသမားတယောက်က ကိုယ့်ရဲ့သတင်းအရင်းအမြစ်ကို ကာကွယ်ရမယ့်တာဝန်ရှိတယ်။ ကိုယ့်ရဲ့အလုပ်အပေါ်မှာ လုံလုံခြုံခြုံလုပ်ရမယ့်တာဝန်ရှိတယ်။ အဲဒီအတွက် ကျနော်ကနေပြီးတော့ ဖုန်းကို RESET ချလိုက်တယ်။ အဲဒီအချိန်မှာပဲ သူတို့က အပေါ်ကို တက်လာတယ်။ တက်လာတော့ ကျနော်က ပြောတယ်။ ကျနော့်မှာ ဘာလက်နက်မှ  မရှိဘူး၊ ကျနော့်ကို ဘာမှ အန္တရာယ်မပြုနဲ့၊  ကျနော့်ကို ဘယ်ကိုခေါ်သွားလဲဆိုတော့ မြိတ်လေတပ်ဝင်းပေါ့။ မြိတ်လေတပ်စခန်း၊ အဲမှာခေါ်သွားတဲ့အချိန်မှာ ကားပေါ်က ဆင်းဆင်းချင်းပဲ အဲဒီမှာစောင့်တဲ့ စစ်သားတွေ ကျနော့်ကို ဝိုင်းထုပါလေရော၊ ဝိုင်းထုတယ်၊ ဝိုင်းကန်တယ်၊ ဝိုင်းရိုက်တယ်ပေါ့ဗျာ။ မင်း ဒီကောင် သိပ်သတ္တိရှိနေတဲ့ကောင်၊ မင်းက သတင်းလွှင့်တာတောင်မှ Mask မတတ်ဘူးတို့၊ ဘာတို့ပေါ့ဗျာ။ အကုန်လုံးကလည်း အရက်နံ့တွေ နံနေပြီလေ။ အဲဒီအချိန်မှာ ဒီလူတွေ တော်တော်မူးနေပြီပေါ့။ ဝိုင်းရိုက်တယ်။ ဟိတ်ကောင်တဲ့.. မင်းငါတို့နဲ့ပတ်သက်ပြီးတော့ ပိုက်ဆံ ၄ သိန်းယူသွားတဲ့ဟာကို မင်း LIVE လွှင့်ထားတာတဲ့။ အေး ငါတို့က မင်းတို့ကြောင့် ချမ်းသာတယ် ဘာညာပြောတာပေါ့ကွာ။ သူတို့ ဒီပိုက်ဆံကို သူတို့ မယူဘူးပေါ့။ ကျနော်က တမင်လွှင့်ပြီးတော့ ဟိုဟာဖြစ်တယ်ပေါ့။ အဲအချိန်မှာ ကျနော့်ကို ဝိုင်းထိုးဝိုင်းကန်၊ အဲမှာ တယောက်က အနောက်မှာ ချုပ်ထားတယ်။ တယောက်က ဆံပင်ဆောင့်ဆွဲထားတယ်ပေါ့။ အဲဒီအချိန်မှာ တယောက်က မျက်နှာကို လက်သီးနဲ့ ထိုးတာ။ ပြောချင်တာက တော်တော်ကြီးကို အဲမှာ ကန်တာ၊ ခေါင်းကို စစ်ဖိနပ်နဲ့ တက်နင်း၊ ပြီးရင် မျက်နှာကို ကန်၊ လက်သီးနဲ့ထိုးပေါ့လေ။ လုပ်ပြီးတော့ အချိန်က ၁၀ မိနစ် ၁၅ မိနစ်လောက်ပဲ ရှိသေးတယ်။ လူက တော်တော်ထိသွားပြီ။ နံကြားတွေလည်း ကန်၊ ကျောကုန်းတွေလည်း ကန်၊ အစုံလုပ်တယ်။ ကျနော် မြေကြီးမှာ လူးနေတဲ့အချိန်မှာ ဘာမှလည်း ပြောလို့မရဘူး။ ပြောခွင့်လည်း မရှိဘူး။

အဲဒီအချိန်မှာတင် စစ်တပ်သုံးကား (ဒဘယ်ကပ်ကား) တစီးက ထိုးဝင်လာတယ်။ စုံမီးထိုးပြီးဝင်လာတယ်။ ပြီးတော့ အဲကားမီးရဲ့ အရှေ့တည့်တည့်မှာ ကျနော့်မျက်နှာကို ထားလိုက်တယ်။ ထားပြီးတော့ ကားပေါ်က လူ ၂ ယောက် ဆင်းလာတယ်။ ဘယ်သူလဲတော့ ကျနော် မသိဘူးပေါ့။ ကြည့်ရတာ လူကြီးပိုင်းမှန်း ကျနော်သိတယ်။ အဲမှာ ဆင်းလာပြီးတော့ လူမှန်လား၊ ဒီကောင်ပဲလားတဲ့။ မေးတဲ့အချိန်မှာ ကျနော့်မျက်နှာကို မီးထိုးတဲ့အချိန်မှာ ကျနော်က မီးနောက်က လူကို ကျနော် မမြင်ရဘူး။ ဟုတ်တယ် အဘ၊ မှန်တယ် အဘ၊ ဒီကောင်ပဲတဲ့။ အေး၊ သူ့ရဲ့ဖုန်းကော ပါလာလားတဲ့။ ပါလာတယ်ပြောတော့ ကြည့်လိုက်တဲ့အချိန်မှာ ဖုန်းက RESET ကျသွားပြီ။ ခေါ်လို့မရတော့ဘူး။ ကျနော်က ပြောလိုက်တယ်။ ဖုန်းကို RESET ချလိုက်ပြီလို့။ အဲမှာ ထပ်ပြီးတော့ ထိုးပါလေရော။ ပြီးလည်းပြီးရော အေးတဲ့၊ လူမှန်တယ်ဆိုရင် ရပြီတဲ့။ သူ့ကို ဘယ်လိုလုပ်မလဲတဲ့၊ အဲဒီမှာပါတဲ့ နှစ်ယောက်ထဲက တယောက်က ဒီကောင့်ကို ကျနော့်တပ်ထဲ ခေါ်သွားမယ်တဲ့။ ငါ့နေရာ ခေါ်သွားမယ်၊ ကားပေါ်တင်လိုက်တဲ့။ အဲဒါနဲ့ ကားပေါ်ခေါ်တင်လိုက်ကော၊ အဲဒီလူက ဘယ်သူလဲ ဆိုတော့ ကျနော်တို့ ဒီ အမှတ် ၁၂ တိုက်ခိုက်ရေးနဲ့ စည်းရုံးရေးသင်တန်းကျောင်းအုပ်ကြီး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်း၊ သူပေါ့။ သူက အဲဒီတုန်းက အရပ်ဝတ်နဲ့ လူက မူးနေတာ။ သူ့ကားပေါ် တင်လိုက်ပြီးတော့ သူက ကားခေါင်းကို တက်သွားတယ်။ မတက်ခင်မှာ ကျနော့်ကို ကားရဲ့နောက်ခန်းမှာ ထိုင်ခိုင်းထားတယ်။ အဲဒီကားပေါ်မှာ ဘယ်သူက ထပ်တက်လာလဲဆိုတော့ အရပ်ဝတ်နဲ့ စရဖ ၃ ယောက် တက်လာတယ်။ ပြီးရင် သူ့ရဲ့လူတွေလည်း ပါတယ်။ ပြီးတော့ “ဒီကောင့်ကို လမ်းမှာ သတ်ပစ်လိုက်တဲ့” အဲဒီလို မှာတယ်ပေါ့လေ။ မှာပြီး သူက ကားပေါ်တက်ပြီး မောင်းသွားတယ်။ မောင်းတော့ တလမ်းလုံး ဒီနောက်ခန်းမှာပါတဲ့ စရဖ တယောက်က မျက်နှာကို နံပတ်တုတ်နဲ့ ထိုးတာ။ သူတို့နံပါတ်တုတ်က ရာဘာနံပါတ်တုတ် မဟုတ်ဘူး။ သစ်သားနံပါတ်တုတ်ပေါ့လေ။ ထိုးတော့ ဘာဖြစ်သွားလဲဆိုတော့ ကျနော့်မျက်လုံးတလုံးက ပိတ်သွားတယ်။ ဘယ်ဘက်မျက်လုံးက တုတ်နဲ့ ထိုးခံထိတော့ ပိတ်သွားတယ်။ ပိတ်မှန်း ဘယ်လိုသိလဲဆိုတော့ အဲမှာ မျက်နှာတခုလုံး ထိုးထားတဲ့အတွက် နှာခေါင်းတွေ ဘာတွေ ကျိုးပြီး သွေးတွေ ကျလာတယ်။ အဲဒါနဲ့ မျက်လုံးတလုံးက ကိုင်ကြည့်လိုက်တဲ့အချိန်မှာ လက်က အဖုကြီး ဖြစ်နေပြီ။ မျက်လုံးထိသွားပြီပေါ့၊ ငါ့မျက်လုံးက ကန်းသွားပြီလားမသိ၊ အဲဒီအချိန်မှာ မျက်နှာမှာလည်း သွေးတွေက ကျနေတယ်။  ပြောရမယ်ဆိုရင်တော့ အခုနက တခေါင်းလုံးကို  ရိုက်ခံထားတာ၊ ကန်ခံထားရတဲ့အရှိန်ကြောင့် မျက်နှာကနာ တခေါင်းလုံးနာတယ်။ သွေးက ဘယ်နားက ကျလို့ကျမှန်းမသိဘူး။ သွေးက တတောက်တောက်နဲ့ကျတာ။ သွေးက လက်ခုပ်ထဲမှာ အများကြီးပဲ။ ကျနော် စိုးရိမ်သွားတယ်။ ငါ့မျက်လုံးထဲက သွေးတွေကျနေပြီလားမသိဘူးပေါ့။ မျက်လုံးကန်းသွားပြီးလာပေါ့။ မျက်လုံးကလည်း လုံးဝ ဖွင့်မရတော့ ပိတ်သွားပြီ။ အဲဒီမျက်လုံးကို ထပ်ပြီးထိမှာစိုးလို့ ကျနော် လက်နဲ့ကာထားတယ်။ 

အဲတော့ သူတို့ ပါးစပ်က ဘာပြောလဲဆိုတော့ မင်းတို့ သတင်းထောက်တွေက ကျင့်ဝတ်မရှိတဲ့ ကောင်တွေ၊ မီဒီယာကျင့်ဝတ်၊ သတင်းကျင့်ဝတ်မရှိတဲ့ ကောင်တွေ၊ ဒေါ်လာစားတွေ၊ တိုင်းပြည်ကိုဖျက်တဲ့ ကောင်တွေ၊ အဲဒီလိုမျိုးတွေပေါ့ဗျာ ပြောတယ်။ အဲဒီလိုမျိုးစစ်တပ်က အာဏာသိမ်းတာ မဟုတ်ဘူး။ အာဏာထိန်းတာ။ အဲဒါ မင်းတို့က သတင်းရေးတဲ့အခါမှာ အာဏာသိမ်းတာ အာဏာသိမ်းတာလို့ ရေးတယ်။ မင်းတို့ မီဒီယာကျင့်ဝတ် ဘယ်နှပါးရှိလဲ၊ ငါတို့ကို ရွတ်ပြစမ်း အဲဒီလိုတွေ ပြောတာပေါ့ဗျာ။ ဆိုတော့ အဲဒီကာလ ဘယ်ကိုမောင်းသွားလဲဆိုတော့ မြိတ်မြို့ရဲ့အပြင်မှာရှိတဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်က ရွှေလူးကျေးရွာနားရှိတယ်။ အဲဒီတပ်ထဲကို ခေါ်သွားတယ်။ မောင်းတာက မိနစ်အစိတ် နာရီဝက်လောက် ကြာတာပေါ့လေ။ တလမ်းလုံးလည်း အရိုက်ခံထားရပြီးပြီ။ အဲဒီအချိန်မှာ ကားက ရပ်ရပ်ချင်းပဲ သူတို့က မေးတယ်။ ဒီကောင့်ကို ဘယ်မှာ စစ်မလဲတဲ့။ အခုနက ပြောတဲ့ ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်းက ဒီကောင့်ကို ဗဟိုကင်းမှာ တင်လိုက်တဲ့။ ဗဟိုကင်းမှာ ဆုံးမမယ်တဲ့။

အဲတော့ ဒီလူ ၃ ယောက် တက်လာတယ်။ ကျနော် အပါအဝင်ပေါ့လေ။ အဲမှာ ကျနော့်ကို ဒူးထောက်ခိုင်းထားတယ်။ ကြမ်းပြင် သမံတလင်းမှာ ထိုင်းခိုင်းထားတယ်။ သူတို့က ခုံပေါ်မှာ ထိုင်တယ်။ ထိုင်ပြီးတော့ အခုနကပြောတဲ့ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းကနေပြီးတော့ စပြီးတော့ ကျနော့်ကို အဲဒီအချိန်မှာ နှိပ်စက်တာပေါ့။ နာမည်တလုံးချင်းနဲ့ခေါ်တာ အောင်ကျော်၊ အေ မင်းနာမည်က ခေါ်လို့ကောင်းတယ်ကွ ဆိုပြီးတော့ စစ်ဖိနပ်နဲ့ ပြေးကန်လိုက်၊ ပြီးရင် ဖိနပ်ကို ဟိုဟာပြုပြီးတော့ မျက်နှာတွေရိုက်လိုက်၊ ပြီးရင်ခေါင်းကို ပြေးကန်လိုက်၊ ပြီးရင်မင်းက ငါတို့နဲ့ပတ်သက်ပြီးတော့ မကောင်းတဲ့ သတင်းတွေပဲ အမြဲရေးတဲ့ကောင်၊ ကျနော်က သူတို့နဲ့ ပတ်သက်လာရင် အရင်ကတည်းကိုက မကောင်းတဲ့ သတင်းတွေကြီးပဲ ရေးတဲ့ကောင်၊ အဲဒီလိုမျိုးတွေ ပြောတာပေါ့ဗျာ။ ပြောပြောပြီးတော့ ပြေးကန်လိုက်၊ သူတို့လာဖမ်းပြီးတဲ့အချိန်မှာ LIVE လွှင့်တဲ့ကိစ္စ၊ မင်းက အဲဒါကို ဘာလို့ လွှင့်တာလဲ။ ခင်ဗျားတို့ပုံစံက ကျနော့်ကို အင်အားသုံးပြီးတော့ ဟိုဟာဖြစ်မယ့်ပုံစံ အဲတော့ ကျနော်က သတင်းသမားတယောက်အနေနဲ့ ဒီလိုလုပ်ရပ်တွေကို ရှိတယ်။ အဲတော့ ကျနော် LIVE  လွှင့်ထားတာ။ LIVE လွှင့်ဦးမလားဆိုပြီး ကျနော့်ကို ထပ်နှိပ်စက်တာပေါ့ဗျာ။ အဲမှာ ပိုပြီးနှိပ်စက်ခံရတာပေါ့။ မျက်နှာကို ဆေးလိပ်တွေနဲ့ ထိုးတယ်။ ကျနော်က ခေါင်းငုံ့ထားတော့ မျက်နှာကို ဆေးလိပ်မီးနဲ့ ထိုးတယ်။ လက်ခွံတွေ အထိုးခံရတာပေါ့။ ပြီးတော့ တခေါင်းလုံးက အခုနက ပြောသလို အကန်ခံရတာကော၊ အရိုက်ခံရတာကောက ကျောကုန်းတွေကို နံပါတ်တုတ်တွေနဲ့ရိုက် အဲဒါတွေ အဲမှာ ထပ်ရိုက်တယ်။ သူက ကျနော့်ရဲ့ဖုန်းကို RECOVER ရအောင် ပြန်ပြီးကြိုးစားနေတယ်။ ဘယ်လိုမှ လုပ်လို့မရဘူး။ လုပ်လို့မရတော့ မင်းက ဘာလို့ ဖုန်းကို RESET ချတာလဲ။ ထပ်မေးပြန်ရော။ ဒီထဲမှာ ကျနော့်ရဲ့ အရေးကြီးတဲ့ဒေတာတွေ ပါတယ်။ ကိုယ်ရေးကိုယ်တာကိစ္စတွေ ပါတယ်။ ကျနော် RESET မချလို့ မရဘူး။ အဲတော့ ချလိုက်ရတယ်။ ဒါက ကျနော့်ရဲ့လုံခြုံရေးအတွက်ပဲ အဲတော့ ကန်တယ် ရိုက်တယ်။ နည်းလမ်းပေါင်းစုံပေါ့လေ။ ဘယ်လိုလုပ်လဲဆိုရင် တခါတလေ ကြွပ်ကြွပ်အိတ်တွေ ယူလာပြီး ကျနော့်ခေါင်းကို လည်ပင်းအထိ ရောက်အောင် စွပ်ပြီးတော့ ချုပ်တယ်ပေါ့။ အဓိကကတော့ အသက်ရှူလို့ မရအောင်ပေါ့။ အဲလိုမျိုးဖြစ်တဲ့အချိန်မှာလည်း အနောက်က နှစ်ယောက်ကနေပြီးမှ ကျနော့်လက်ကို တက်နင်းထားတာ၊ ချုပ်ထားတာ လုပ်သေးတယ်။ ခေါင်းကို ကြွပ်ကြွပ်အိတ်စွပ်ပြီးတော့ နှစ်မိနစ်လောက် တမိနစ်လောက်လုပ်ပြီး အသက်ရှူမရအောင် လုပ်တယ်။ ရေမွန်းသလို ရေနစ်သလို ဖြစ်အောင်လုပ်တာပေါ့လေ။ အဲဒီလိုဖြစ်အောင် လုပ်တယ်။ ခေါင်းကိုလည်း အရိုက်ခံထားတဲ့အရှိန်နဲ့ဆိုတော့ လူက မမေ့အောင် ကိုယ့်ကိုယ်ကိုယ် အရမ်းထိန်းထားရတယ်။ စိုးရိမ်တာက ငါမေ့များမေ့သွားရင် နောက်ဆက်တွဲ ဘာတွေများ ဖြစ်လာမလဲ၊ ကိုယ်မသိတဲ့အရာတွေ ဖြစ်လာမှာကို ကိုယ်က စိုးရိမ်တယ်။ မမေ့အောင် ထိန်းထားရတယ်။ အဲတော့ သူတို့က အသက်ရှူကြပ်အောင် ကျနော့်ကို နှိပ်စက်တယ်ပေါ့။ ဖုန်းကို RESET ချတဲ့ကိစ္စတွေပေါ့။ 

နောက်တခုက သူတို့ဒီ ဖမ်းဝရမ်းထုတ်ထားတဲ့ လူတွေပေါ့လေ၊ သူတို့ လိုချင်တဲ့လူတွေပေါ့။ သပိတ်မှာ ဦးဆောင်တဲ့သူတွေ၊ မင်းတို့တွေ နားမလည်ဘူးလား။ သူတို့ ဖမ်းဝရမ်းထုတ်ထားတဲ့လူတွေကို မင်းတို့ အင်တာဗျူးမရဘူး။ မေးလို့မရဘူးဆိုတာ မသိဘူးလား။ ဟာ သတင်းမှာက အဲဒီလိုမရှိဘူး။ ဖမ်းဝရမ်းပဲထုတ်ထုတ်၊ ဘာပဲထုတ်ထုတ် ကျနော်တို့မှာ မေးပိုင်ခွင့် ရှိတယ်။ ပြောပြတယ်၊ သူတို့ မလိုချင်ဘူး။ သူတို့ဖြစ်စေချင်တဲ့အတိုင်း ငါတို့က အာဏာသိမ်းတာ မဟုတ်ဘူး။ အာဏာထိန်းတာ။ အဲဒါကို သတင်းစာ ဘယ်လိုရေးလဲပေါ့။ အဲလို နည်းလမ်းပေါင်းစုံတွေ ပြောတာပေါ့ဗျာ။ ပြောပြီးတော့ နှိပ်စက်တဲ့အချိန်မှာပဲ စစ်တပ်ဝတ်စုံနဲ့ စစ်သားတယောက် ထပ်ဝင်လာတယ်။ ဝင်လာပြီးတော့ ဒီကောင်တဲ့… မြိတ် သတင်းထောက်တွေထဲမှာ ခေါင်းဆောင်တဲ့ ဒီကောင့်ကို ဟိုဟာဖြစ်ရမယ်၊ ဟ ကျနော်က ခေါင်းဆောင် မဟုတ်ဘူး။ အားလုံးက ကိုယ့်ဌာနနဲ့ကိုယ် လုပ်ကြတာ အကုန်လုံးက၊ ဘာလို့မဟုတ်ရမှာလဲဆိုပြီး ကျနော့်ကို အဲဒီအချိန်မှာ သူတို့စစ်ဖိနပ်နဲ့ ခေါင်းကို ပြေးကန်လိုက်တာပေါ့။ ပြေးကန်တဲ့အချိန်မှာ ကျနော်ခေါင်းကို ငုံ့ထားတဲ့အချိန်မှာ သူ ကန်လိုက်တဲ့အချိန်က ခေါင်းငုံ့ထားတာပဲ၊ အဲဒီအချိန်မှာ ခါးက ညှပ်ခနဲ ဖြစ်သွားတယ်။ ညှပ်ခနဲ ဖြစ်သွားပြီး အဲမှာ ကျနော် ခွေကျသွားတယ်။ ဘယ်လိုမှ ထလို့မရတော့ဘူး။ ထောင်လို့မရတော့ဘူး။ အဲလိုဖြစ်သွားရော၊ အဲမှာခါးက ဆူးပြီးတော့ တော်တော်လေး နာနေပြီ။ အဲအချိန်မှာ ဒု-ဗိုလ်မှူးကြီး မျိုးမြင်းထွန်းကနေပြီးတော့ ဒီကောင် ခေါင်းကြောမာတဲ့ကောင်တဲ့၊ သိပ်သတ္တိရှိတဲ့ကောင်တဲ့၊ ဒီကောင့်ကို လက်ခွံတွေချွတ်ကွာတဲ့။ ပလာယာသွားယူတဲ့။ အဲဒါနဲ့ အခုနက ကင်းမှာတာဝန်ကျတဲ့ ချာတိတ်လေးတွေပေါ့လေ။ စစ်ယူနီဖောင်းဝတ်ထားတဲ့ ငယ်ငယ်လေးတွေ သူ့ကို သွားယူခိုင်းတယ်။ ဟိုကောင်လေးကလည်း သွားမယူပေးဘူး။ ကျနော့်ပုံစံကလည်း တော်တော်ကြီးကို ဆိုးဆိုးဝါးဝါး ဖြစ်နေပြီ။ သူတို့ကလည်း မယူပေးဘူး။ မယူပေးတဲ့အခါကျတော့ ဆဲရော။ အဲဒီမှာ မင်းတို့ကောင်တွေ ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ထိုင်ဆဲရော၊ အဲဒါနဲ့ ဒီကောင့်ကို ခြေချင်းခတ်လိုက်တဲ့။ အဲဒါနဲ့ ခြေချင်းခတ်တယ်။ ပြီးတော့ ဒီကောင့်ကို အချုပ်ခန်းထည့်လိုက်ဆိုပြီးတော့ ကျနော့်ကို အချုပ်ခန်းထဲ ထည့်တယ်။ ကိုယ်တိုင်တော့ လမ်းလျှောက်လို့မရတော့ဘူး။ အဲဒီအချိန်မှာ သူတို့က တွဲခေါ်သွားတယ်။ အောက်မှာလည်း ကျနော့်အင်္ကျီတွေရော သွေးတွေပေနေပြီး မျက်နှာတခုလုံး သွေးတွေချည်းပဲ။ အဲဒါကို ကျနော့်ကို အချုပ်ခန်းထဲ ထည့်လိုက်တယ်။ အချုပ်ခန်းထဲ ထည့်လိုက်တဲ့အချိန်မှာပဲ ကျနော် တွေးလိုက်တာက ကျနော် အခု စစ်ကြောရေးကို ရောက်လာတာက နာရီပိုင်းလေး ပဲရှိသေးတယ်။ တကယ့်ကို ငရဲခန်းလို ကြုံတွေ့နေရပြီ။ လူကလည်း သေတော့မယ်။ လူကလည်း ကိုယ့်ကိုယ်ကိုယ် လုံးဝ မမေ့အောင် အရမ်းထိန်းထားနေရပြီ။ အဲဒီအချိန်မှာ သွေးကလည်း အများကြီးထွက်နေပြီ။ အဲဒီလိုအခြေအနေမှာပဲ ကျနော် သိလိုက်တာက ကျနော်က အရင် စစ်အုပ်ချုပ်ရေးတခုလုံးကလည်း အဲလိုစစ်ကြောရေးအတွေ့အကြုံ ရှိခဲ့ဖူးတဲ့လူပဲ။ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ကျနော် ၂၀၁၀ တုန်းကလည်း ဖမ်းခံခဲ့ရဖူးတယ်။ စစ်ကြောရေးကြုံခဲ့ဖူးတယ်။ အဲဒီတုန်းကဆိုရင် စစ်ကြောရေးမှာ ၁၁ ရက်ကြာတယ်။ အခုဟာက နာရီပိုင်းပဲရှိသေးတယ်။ အရင်တ‌ခေါက်လိုမျိုး ငါ ၁၁ ရက်ကြာမယ်ဆိုရင် သေဖို့ပဲ ရှိတော့တယ်။ ဒီလိုနှိပ်စက်ပုံ နှိပ်စက်နည်းနဲ့ဆိုရင် သေဖို့ပဲ ရှိတော့တယ်။ အဲတော့ ဖြစ်လာသမျှဟာတွေ အကုန်လုံး ငါပဲ ခံတော့မယ်။ တခြား ဘယ်သူ့ကိုမှ ဖော်လို့မရဘူး။ ကျနော့်လိုမျိုး နောက်ထပ်လူတွေ ထပ်ပြီး နှိပ်စက်ခံလို့တော့ မရဘူး။ ကျနော် သိသမျှအချက်အလက်တွေအားလုံးကို ကျနော်ပဲ ခံမယ်။ ဘူးခံမယ်ပေါ့ဗျာ။ သေရင်လည်း သေပါလေ့စေတော့ဆိုပြီး အဲဒီမှာ လုံးဝ စိတ်လျော့ချပစ်လိုက်တယ်။

မေး။ ဒါ တရက်တာပဲ ရှိသေးတာပေါ့‌နော်။ ဖမ်းဆီးခံရပြီးတော့ တရက်တာအတွင်းမှာ ဖြစ်နေတဲ့ ကိစ္စတွေပေါ့နော်။

ဖြေ။ “တရက်တာတောင် ပြောလို့မရဘူးဗျာ။ ကျနော့်ကို ဖမ်းသွားတာက ည ၁၀ နာရီခွဲလောက် ဖမ်းသွားတယ်။ သူတို့ အဲလိုမျိုး စစ်ကြောရေးကို နားလိုက်တော့မယ်ပြောတဲ့အချိန်က ည ၁ နာရီ ၂ နာရီခွဲလောက်ဖြစ်သွားပြီ။ နာရီပိုင်းပဲ ရှိသေးတယ်။ နာရီပိုင်း လေး ငါးနာရီအတွင်းမှာကို လူက အဲဒီလိုမျိုး ဖြစ်သွားပါပြီ။ ဖြစ်သွားပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ် အဲလိုမျိုး စိတ်ဓာတ်ထားလိုက်တော့တာ။ နောက်လူကို ထပ်ပါလို့ မဖြစ်ဘူး။ ဘယ်သူကိုမှ ငါ မဖော်ဘူးပေါ့။”

မေး။ အဲဒါဆိုရင် ဖမ်းဆီးပြီးနောက်ပိုင်းမှာ မိသားစုနဲ့ လုံးဝအဆက်အသွယ်မရ၊ ရှေ့နေလည်း ငှားခွင့်မရတဲ့ အခြေအနေတွေ ရှိတယ်ပေါ့နော်။ အဲဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ နည်းနည်းအကျဉ်းချုပ်ပြီးတော့ ပြောပြပါဦး။ မိသားစုနဲ့ တွေ့ခွင့်မရ ရှေ့နေငှားခွင့်မရတဲ့ အခြေအနေမှာ နေ့စဉ်ရက်ဆက် နှိပ်စက်ခံခဲ့ရတာလား ဘယ်လိုအခြေအနေမျိုးတွေ ရင်ဆိုင်ခဲ့ရလဲ။

ဖြေ။ “ကျနော့်ကို ၁ ရက်နေ့ဖမ်းသွားပြီးနောက်ပိုင်း ၂ ရက်နေ့ ညနေလောက်မှ ကျနော့်ကို ထောင်ကို ပို့လိုက်တာပေါ့လေ။ မြိတ်အကျဉ်းထောင်ကို ပို့လိုက်တယ်။ ပြောရမယ်ဆိုရင် စပြီးတော့ ဖမ်းတဲ့အချိန်ကစပြီးတော့ ကျနော့်ထောင်ကနေ အောက်တိုဘာ ၁၈ ရက်နေ့ ပြန်လွှတ်လာခဲ့တယ်ပေါ့လေ။ ၈ လဝန်းကျင်လောက် ကြာတာပေါ့။ ၈ လဝန်းကျင်လောက် ကြာတဲ့ကာလအတွင်းမှာ ကျနော့်မိသားစုနဲ့ လုံးဝ တွေ့လို့မရဘူး။ လုံးဝကို ပေးမတွေ့ဘူး။ သူတို့ရဲ့ အကြောင်းပြချက်က ဘာလဲဆိုရင် ထောင်တွေက ကိုဗစ်ဖြစ်လို့ ပြင်ပလူနဲ့ ပေးမတွေ့ဘူးဆိုတဲ့ အကြောင်းပြချက်ပေးတယ်။ မိသားစုနဲ့တွေ့ခွင့်မရတဲ့အပြင် ရှေ့နေတွေနဲ့ပါ ဘာမှ လုပ်လို့မရဘူး။ ကျနော့်အမှုနဲ့ ပတ်သက်ပြီးတော့ ရှေ့နေလိုက်မယ့်သူတွေ ရှိတာတောင်မှပဲ ရှေ့နေတွေ ဖိအားတွေ ပေးခံရတယ်။ အဲဒီတော့ ဘယ်သူမှ ကျနော့်အမှုကို မလိုက်ရဲကြတော့ဘူး။ မလိုက်ရဲတဲ့အခါကျတော့ တရားခွင်မှာက ကျနော့်အမှုနဲ့ ပတ်သက်ပြီးတော့ ကိုယ့်ဘာသာကိုယ် ခုခံလျှောက်လှဲပြီးတော့ လုပ်ရတာပေါ့။ အခက်အခဲတွေကတော့ အများကြီးကြုံခဲ့ရတယ်။”

မေး။ အဓိက ထောင်ထဲမှာ သတင်းထောက်ဆိုပြီးတော့ ပိုပြီးတော့ နှိပ်စက်တာမျိုးတွေရှိလား။ အထဲမှာ ကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေလည်း အကျဉ်းချုပ် ပြောပေးပါဦး။

ဖြေ။ “ထောင်ထဲမှာတော့ သတင်းထောက်ဆိုပြီးတော့ ပိုပြီးနှိပ်စက်တာတော့ မရှိဘူး။ ဒါပေမဲ့ တခုရှိတာက တခြားအကျဉ်းသားတွေထက် ပိုပြီးစောင့်ကြည့်ခံရတယ်။ ကျနော်တို့က တခြား ဆန္ဒပြပြီး ရောက်လာတဲ့သူတွေထက် ပိုပြီးစောင့်ကြည့်ခံရတယ်။ ဘာတွေလုပ်နေလဲ၊ ဘာတွေ ပြဿနာရှာလဲ၊ အပြင်ကို ဘာတွေ သတင်းပို့နေသလဲ ဆိုတဲ့ဟာမျိုးက ပိုပြီးတော့ စိတ်ကျဉ်းကျပ်အောင် လုပ်တာပေါ့လေ။ ပြောရမယ်ဆိုရင် ကျနော်တို့ ထောင်ထဲကို ရောက်မယ့်အချိန်မျာ ကျနော် ဒဏ်ရာတွေ အများကြီးရထားတယ်။ အဲလိုဒဏ်ရာတွေ အများကြီး ရထားတဲ့ဟာကို ထောင်အာဏာပိုင်တွေက ဘာလုပ်လဲဆိုတော့ ကျနော်တို့ကို ပုံစံထိုင်ခိုင်းတယ်။ ထောင်ပုံစံဆိုတာက ထောင်ထဲဝင်လာရင် မဖြစ်မနေ လုပ်ရမယ့်အလုပ်လို့သူတို့ပြောတယ်။ အဓိကကတော့ လူတွေရဲ့ စိတ်ဓာတ်ကို ပျက်ပြားသွားအောင် လုပ်တဲ့ပုံစံမျိုးပဲ။ ပြောရမယ်ဆိုရင် အကျဉ်းသားအချင်းချင်းကို ချိတ်ဆက်ခိုင်းနည်းပဲ အဲလို ပုံစံမျိုးတွေ ကျနော်လုပ်ခံခဲ့ရတာပေါ့။ အဲတော့ ကျနော်က ပြောတယ်။ ကျနော်က ပုံစံမထိုင်နိုင်ဘူး။ ဒဏ်ရာတွေရှိတယ်။ လုံး ဝအဆင်မပြေဘူး။ ဒဏ်ရာလည်း မသက်သာသေးဘူး။ မကောင်းသေးဘူး။ ကျနော်ပြောတယ်။ အရင်တုန်းကလည်း ကျနော် ထောင်ကျဖူးတယ်။ ထောင်ထဲမှာ နေခဲ့ဖူးတယ်။ ကျနော်တို့ ဒီနိုင်ငံရေးအမှုနဲ့ လာတဲ့လူတွေ ပုံစံလုံးဝ မထိုင်ခိုင်းရဘူး။ ပေးမထိုင်ဘူး။ ကျနော် နေခဲ့တဲ့ထောင်က အင်းစိန် ဗဟိုအကျဉ်းထောင်ကြီးမှာနေခဲ့ရတာ။ ကျနော်တို့ လုံးဝမလုပ်ဘူး။ ဒါပေမဲ့ ဒီထောင်က ဒီလိုလုပ်တယ်။ ဒီဟာနဲ့ပတ်သက်ပြီး ကျနော်က ပြန်ပြောတာပေါ့နော်။ ကျနော်တို့အမှုတွေက တသက်လုံး ထောင်ထဲမှာနေရမယ့်အမှုတွေ မဟုတ်ဘူး။ ထောင်အာဏာပိုင်ကို ကျနော် ပြန်ပြောတယ်။ ကျနော် ပြန်လွတ်မှာ၊ ကျနော် လွတ်တဲ့အချိန်ကျရင် ကျနော်ပြန်ပြောမှာလို့ ပြောတဲ့အချိန်ကျတော့  ဘာပြောလဲဆိုတော့ ပြောတဲ့ ဂရုမစိုက်ဘူးတဲ့။ ငါတို့ကလည်း အထက်အမိန့်အရ လုပ်တာတဲ့။”

 မေး။ အထဲမှာလည်း လူ့အခွင့်အရေးနဲ့ ချိုးဖောက်ခံရတာတွေ အများကြီးရှိမှာပေါ့နော်။

ဖြေ။ “လူ့အခွင့်အရေးချိုးဖောက်ခံရတာ အခုနပြောသလို အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိတယ်။ ဥပမာ ပြောမယ်ဆိုရင်တော့ အကျဉ်းသားအချင်းချင်း ပုံစံနေတဲ့အချိန်မှာ ရိုက်မယ်ဆိုတဲ့ကိစ္စမျိုးတွေ ဖြစ်လာတယ်။ ကျနော့်ဆီမှာလည်း လုပ်တဲ့ကိစ္စ ရှိတယ်။ အဲဒီကိစ္စတွေကို ကျနော်က ထောင်ပိုင်ကြီးနဲ့ တွေ့တဲ့အချိန်မှာ ပြောပြတယ်ပေါ့။ အကျဉ်းသားအချင်းချင်း ရိုက်နှက်တာတွေ ရှိတယ်၊ ထောင်ပိုင်ကြီးကိုယ်တိုင်က ဒါမျိုး အကျဉ်းသားအချင်းချင်း ရိုက်တယ်ဆိုတဲ့ကိစ္စ လုံးဝ လက်မခံဘူး။ အဲတော့ သူ့အောက်မှာရှိတဲ့ အဆောင်မှူးတွေပေါ့လေ၊ ဘာလို့ရိုက်တာလဲ ပြောတာပေါ့လေ။ ပြောတဲ့အခါကျတော့ ကျနော်တို့နဲ့က တကယ့်အနီးကပ်ဆက်ဆံခဲ့ရတာက ထောင်ပိုင်ကြီးလည်း မဟုတ်ဘူး။ အောက်မှာရှိတဲ့ ထောင်ဝန်ထမ်းတွေနဲ့ ဆက်ဆံနေရတာ။ အဲဒီတော့ ထောင်မှူးတွေက ကျနော့်ကို အငြိုးထားတယ်။ မင်းက ဘာလို့ အာချောင်ပြီးတော့ ထောင်ပိုင်ကြီးကို သွားပြီးတင်ရလည်း ပြောရလဲဆိုတဲ့ဟာမျိုး အငြိုးထားတယ်။ အငြိုးထားတဲ့အခါကျတော့ ကျနော့်ကို ခြိမ်းခြောက်တယ်။ နှစ်ပွင့်နဲ့ ထောင်မှူးအောင်သူကိုကို ဆိုတာ၊ အခုတော့ ဘုတ်ပလင်အကျဉ်းစခန်း ရောက်သွားပြီလို့ သိရတယ်။ ထောင်မှူးကြီး အောင်သူကိုကိုက ဘာပြောလဲဆိုတော့ မင်း အာမချောင်နဲ့ မင်းကိုရိုက်တာ မဟုတ်ဘူး။ အဲဒီမှာ ကျနော် ခေါ်ပြတဲ့သက်သေကို ကျနော် ဒီလူ ဒီလူတွေ အရိုက်ခံရတယ်။ ရိုက်ခံရတဲ့အချိန်မှာဆိုရင် တချို့ဆိုရင် ငိုတောင်ငိုကြတယ်။ 

ပုဒ်မ ၅၀၅ အမှုနဲ့ ကျတဲ့သူတွေပေါ့။ ရိုက်တဲ့သူတွေကလည်း ဘယ်သူတွေ ရိုက်တယ်ဆိုတော့ ဒီထောင်ထဲမှာရှိတဲ့ ထောင်ထဲကို ဝင်လိုက် ထွက်လိုက် လုပ်နေကြတဲ့ မူးယစ်ဆေးဝါးအမှုနဲ့ ကျတဲ့သူတွေ၊ သူတို့တွေက ရိုက်တာ။ အဲတော့ ခေါ်ပြီးတော့ စစ်ဆေးမေးမြန်းတဲ့အခါမှာ ဘယ်လိုပုံစံနဲ့ မေးလဲဆိုတော့ ရိုက်တဲ့သူတွေကော၊ အရိုက်ခံရတဲ့လူတွေကိုကော မျက်နှာချင်းဆိုင် ပေးတွေ့ထားတယ်။ အဲတော့ ရိုက်တဲ့သူတွေက ထောင်ထဲမှာ နေရာရတဲ့သူတွေ၊ အရိုက်ခံရတဲ့သူတွေက ဘာမှမဟုတ်တဲ့လူတွေ၊ အဲတော့ ဒီလူတွေက ကျနော့်ကို ရိုက်ပါတယ်လို့ ဘယ်ပြောရဲမလဲ၊ ပြီးတော့ နှစ်ယောက်က ကြောက်ပြီးတော့ မရိုက်ပါဘူးတို့ ဘာတို့ ပြောတာပေါ့လေ။ တယောက်ကျတော့ မဟုတ်ဘူး ရိုက်တယ်။ ရိုက်တယ်လို့ ပြောတဲ့လူကျတော့ မင်း ခေါင်းကွဲသွားလား ထောင်မှူးက၊ အမှန်ဆိုရင် တရားမျှတမှုရှိအောင် စစ်ဆေးပေးရမယ့်သူ။ သူက အဲဒီလို မလုပ်ဘဲနဲ့ သူ့ကို ရိုက်ပါတယ် ဆိုတဲ့လူကို မင်း ဒဏ်ရာရှိတာတွေကို ခေါင်းကွဲသွားလား၊ သွေးထွက်သွားလား၊ ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်လား၊ အဲလို မဟုတ်တဲ့ မေးခွန်းတွေကို လျှောက်မေးတာပေါ့ဗျာ။ မေးတော့ ဟိုကောင်တွေကလည်း ဖြေတယ်။ အဲဒါလည်း သူ လက်မခံဘူး။ နောက်ဆုံးကျတော့ ကျနော့်ကို ခြိမ်းခြောက်တာပေါ့ဗျာ။ မင်း ထောင်ထဲမှာ ငပွကြီးမလုပ်နဲ့ ငါ လက်သီးနဲ့ထိုးလိုက်မယ်၊ သေသွားမယ်။ ပြီးတော့ နောက်ဆုံး သူတို့က ဘယ်လိုပုံစံမျိုးနဲ့လုပ်လဲဆိုတော့ ကျနော်က ဒီလူ ဒီလူတွေ ရိုက်ပါတယ်ဆိုတဲ့ နေတဲ့သူတွေရဲ့အခန်းထဲမှာပေါ့ ကျနော့်ကို ထည့်ထားလိုက်တယ်။ ပြောရမယ်ဆိုရင်တော့ ပြသနာကို ပိုပြီးတော့ ကြီးအောင်လုပ်တဲ့သဘောမျိုးပဲ။

ကျနော် တိုင်တဲ့လူတွေက ကျနော့်ကို တခန်းတည်း ထားတဲ့အခါကျတော့ ညဘက် ကျနော် အိပ်တဲ့အချိန်မှာ ဒီလူတွေကကျနော့်ကို  ဘာထလုပ်မလဲဆိုတဲ့ အတွေးမျိုးကလည်း ကျနော် စိုးရိမ်ရတယ်။ ပြီးတော့ ဒီလူတွေက ထောင်ထဲမှာနေတာ အကြာကြီးရှိနေပြီ။ အကျဉ်းသား အချင်းချင်းအပေါ်မှာလည်း စိတ်ဓာတ်ကောင်းတဲ့လူတွေ မဟုတ်ဘူး။ အဲဒီလို ဖြစ်ခံရတဲ့ကိစ္စမျိုးတွေ ရှိတာပေါ့။”

မေး။ နောက်ဆုံး ထောင်ကနေ လွတ်လာပြီးတဲ့နောက်မှာ ဘယ်လိုအခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရလဲ၊ မိသားစုအနေနဲ့ ဘယ်လိုအခက်အခဲရှိနေလဲ၊ အဲဒါ နည်းနည်းလေး ပြောပြာပါဦး။

ဖြေ။ “ဟုတ်ကဲ့၊ ကျနော်တို့ကို အောက်တိုဘာ ၁၈ ရက်နေ့ ညနေပိုင်းက ပြန်လွှတ်ပေးခဲ့တယ်။ ပြန်လွှတ်ပေးတဲ့အခါမှာလည်း ဘယ်လိုပုံစံနဲ့ လွှတ်လဲဆိုတော့ ဥပဒေ ကျင့်ထုံးပုဒ်မ ၄၀၁၊ ခံဝန်ပုံစံမျိုးနဲ့ ပြန်လွှတ်ပြီး ပြန်ဖမ်းမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လက်မှတ်ထိုးပြီး လွှတ်ပေးခဲ့တယ်ပေါ့။ လွှတ်ပေးခဲ့ပြီးနောက်ပိုင်းမှာ ကျနော်က ဘာမှအပြစ်လုပ်ထားတဲ့သူ မဟုတ်ဘူး။ သူတို့လွှတ်ပေးလို့ ဘာမှ ကျေးဇူးတင်စရာအကြောင်းလည်း မရှိဘူး။ ဝမ်းသာစရာအကြောင်းလည်း မရှိဘူး။ ပုံမှန်အတိုင်းပဲ။ အဲဒီတော့ ကျနော့်အိမ်မှာထိုင်ပြီးတော့ ကျနော်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေ၊ ၈ လတာ ကာလမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ကျနော် သတင်းမီဒီယာတွေကို အင်တာဗျူးဖြေပေးတယ်။ ဖြေပေးပုံက သူတို့က သိပ်ပြီးတော့ မကျေနပ်ဘူး။ အဲဒီတော့ ပြောရမယ်ဆိုရင် အားလုံးက ကျနော့်ကို ဝိုင်းပြီးတော့ စိတ်ပူကြတယ်။ ကိုအောင်ကျော် ဘာလို့ အိမ်မှာနေပြီး အဲဒီလိုဖြေနေကြတာလဲ။ ဒီတခေါက် ကိုအောင်ကျော် ပြန်ဖမ်းခံရရင် အသတ်ခံရလိမ့်မယ်။ ကိုအောင်ကျော်ကို သတ်လိမ့်မယ်။ အရမ်းအန္တရာယ်များတယ်။ အဲတော့ အိမ်မှာက ကျနော် လွတ်လွတ်ချင်းပဲ ၁ ရက်လောက်ပဲနေပြီး ရှောင်နေရတယ်။ မိသားစုတော့ အိမ်မှာ ကျန်ခဲ့တာပေါ့။ ကျနော် လွတ်လာပြီးနောက်ပိုင်းမှာလည်း သူတို့ ပြန်လွှတ်ပေးတဲ့သူတချို့ကို ပြန်လိုက်ဖမ်းတယ်။ အိမ်တွေမှာ ပြန်သွားခိုင်းတာတို့ ဘာတို့ ဖြစ်လာတယ်။ ခတ်စိတ်စိတ် ဖြစ်လာတယ်။ အဲဒီတော့ အားလုံးကလည်း ကျနော့်ကို ပြန်ပြီးစိတ်ပူနေတာ။ ကိုအောင်ကျော် လွတ်လာတာ ဘာမှမကြာသေးဘူး။ အင်တာဗျူးလည်း ဖြေထားတယ် ပြန်ပြီးတော့ အဖမ်းခံရမလား။ ပြန်ဖမ်းရင်လည်း ဒီတခါသေဖို့ပဲ ရှိတော့တယ်။ အဲလိုပုံစံမျိုးနဲ့ ကျနော်ကလည်း ရှောင်နေရတယ်။ ရှောင်နေခဲ့ပြီးတော့ ကျနော် ပြန်လွတ်လာပြီး ၁၀ ရက်ကျော် အောက်တိုဘာ ၂၉ ရက်နေ့ ညမှာပဲ ၁၁ နာရီကျော်ဝန်းကျင်ရှိမယ်။ ကျနော့်အိမ်နားမှာ သေနတ်တွေ လာပစ်တယ်။ သေနတ်ဖောက်ပြီး သိပ်မကြာဘူး။  ရပ်ကွက်တွေ အကုန်လုံးကို မီးတွေဖြတ်ပစ်တာပေါ့။ မီးတွေဖြတ်ပြီးတော့ ပတ်ဝန်းကျင်က ကိုအောင်ကျော်ကို နောက်တကြိမ်ပြန်မဖမ်းဖို့ အားလုံးက သိလည်းသိတော့ ကျနော့်ကို စိုးရိမ်နေကြတာပေါ့လေ။ ဖြစ်ချင်တော့ အိမ်မှာလည်း အမျိုးသမီးတွေပဲ ကျန်ခဲ့တာ။ မိန်းမရယ်၊ ကလေးရယ်၊ သူတို့တွေလည်း ကြောက်နေတယ်။ အိမ်နားမှာ သေနတ်လည်း လာပစ်နေတယ်။ သူတို့ ဘာမှလုပ်လို့မရတော့ ပြောရမယ်ဆိုရင် အခြေအနေက တော်တော်ဆိုးနေပြီ။ မဖြစ်တော့ ကျနော်က ကျနော့်မိသားစု ဒီမှာဆက်နေရင် အန္တရာယ်များတယ် ဆိုပြီးတော့ အိမ်ကလည်း ကျနော့်ကို ပြောတယ်။ ကျနော် ဒီအလုပ်တွေ ဆက်လုပ်နေမယ် ဆိုရင် ဒီမှာမနေနဲ့တော့ သူ လက်မခံရဲတော့ဘူး။ ကျနော့်မိသားစုက အမျိုးသမီးမိသားစုက လက်မခံရဲတော့ဘူးပေါ့လေ။ အဲတော့ ဘယ်နည်းလမ်းကို ရွေးမလဲ။ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းမှာ ဝင်လုပ်မလား၊ ဒါမှမဟုတ်ရင် ဒီသတင်းထောက်အလုပ်ကို ဆက်လုပ်မလား၊ သတင်းထောက် အလုပ်ကိုပဲ ဆက်လုပ်မယ်ဆိုရင်တော့ ဒီမှာ နေလို့မရတော့ဘူး။ အဲဒီလို ပြောလာတယ်။ ပြောလာတဲ့အတွက်ကို ကျနော်က သတင်းထောက်ဖြစ်တဲ့အတွက်ကို ဒီအလုပ်ကို ဆက်လုပ်နေမှာပဲ။ အဲတော့ ကျနော့်အလုပ်ကတော့ လုံးဝ စွန့်မှာမဟုတ်ဘူး။”

မေး။ နောက်ဆုံး ထောင်ထဲမှာ ကျန်ခဲ့တဲ့သူတွေအတွက်ကို စိုးရိမ်စရာ အခြေအနေတွေရှိလား၊ အစ်ကို့အနေနဲ့ ဒီကနေတဆင့် ဘာများ တောင်းဆိုပေးချင်တာရှိလဲပေါ့နော်။

ဖြေ။ “ပြောရမယ်ဆိုရင်တော့ ကျနော်တို့ ရှိတဲ့အချိန်မှာ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူတွေ လူငယ်တွေရှိတယ်၊ လူကြီးတွေရှိတယ်။ အများကြီးရှိကြပါတယ်။ သူတို့တွေဆိုရင် ဖမ်းဆီးခံခဲ့ရတာကိုက တော်တော်လေးကို ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ်။ ဒဏ်ရာတွေ အများကြီးနဲ့ ထောင်ထဲကို ရောက်လာခဲ့တယ်။ ပြောရမယ် ဆိုရင်တော့ လမ်းပေါ်ထွက်ပြီးတော့ ကိုယ့်ရဲ့အခွင့်အရေးအရ ဆန္ဒပြ တောင်းဆိုခဲ့ကြတာ။ ဘာမှာ အကြမ်းဖက်ခဲ့ခြင်းလည်း မဟုတ်ဘူး။ အဲဒီတော့ ဒီလူတွေအကုန်လုံးက ညှဉ်းပန်းနှိပ်စက်ခံရပြီးတော့ ထောင်တွေ ချမှတ်ခံခဲ့ရတယ်။ နှစ်နှစ်တို့၊ သုံးနှစ်တို့ပေါ့လေ။ အမျိုးသမီးတွေပါ အပါအဝင်ဆိုရင် အယောက် ၂၀၀ ကျော်လောက်ရှိတယ်ပေါ့။ အဲဒီထဲမှာ ကျနော်တို့ ပြန်လွတ်လာတာကတော့ ၆၀ ကျော် ၇၀ လောက် ပြန်လွတ်လာတယ်။ အခုထပ်ပြီးတော့ ကြားတာက အယောက် ၂၀၀ ဝန်းကျင်လောက် ထပ်ရှိသေးတယ်။ အထဲထဲမှာ ကျန်ခဲ့သေးတယ်ပေါ့။ အဲဒီတော့ ဒီလူတွေရဲ့ လွတ်မြောက်ရေးကလည်း အရေးကြီး ပါတယ်။  ကျနော် အခုန ပြောတော့ မြိတ်ထောင်တခုတည်းပဲ ပြောတာပေါ့လေ။ တနိုင်ငံလုံးမှာဆိုရင် အရေအတွက်တွေက အများကြီးပဲရှိတယ်။ အဲဒီတော့ ပြန်လွှတ်ပေးဖို့ လိုအပ်တယ်။ ပြန်လွှတ်ပေးဖို့ လိုအပ်သလိုမျိုး၊ အပြင်မှာရှိတဲ့သူတွေကလည်း အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ နောက်မဆုတ်ဘဲနဲ့ ဆက်ပြီးတော့ လုပ်ဖို့အတွက်ကိုလည်း အရမ်းအရေးကြီးပါတယ်။ ဒါ ကျနော်တို့ရဲ့ အနာဂတ်အတွက် ဖြစ်တယ်။ ”

အခုလို ဖြေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up