တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဧပြီလအတွင်းကျင်းပမည်ဟု စစ်ကောင်စီပြော

မြန်မာနိုင်ငံမှာ တက္ကသိုလ်ဝင်  ၁၀ တန်းစာမေးပွဲတွေကို  လာမယ့် ဧပြီလထဲမှာ သင်္ကြန်မတိုင်ခင် စစ်ဆေးသွားမှာ ဖြစ်တယ်လို့ နိုဝင်ဘာ ၂၆ ရက် ဒီကနေ့  ပြုလုပ်တဲ့ သတင်းစားရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ 

လက်ရှိ အခြေခံပညာစာသင်ကျောင်းတွေ ပြန်ဖွင့်ချိန်မှာ ကျောင်းလာအပ်တဲ့ ကျောင်းသား ဦးရေ ၄၇ သိန်းကျော်ရှိပြီး ကျောင်းတက်နေသူ ၃၃ သိန်းရှိတာကြောင့် ကျောင်းတက်တဲ့ရာနှုန်း ၇၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

အခြေခံပညာအဆင့် စာမေးပွဲတွေကိုတော့ ပထမနှစ်ဝက်စစ်ဆေးမှုအနေနဲ့ ဇန်နဝါရီလမှာပြုလုပ်မှာဖြစ်ပြီး နှစ်ဆုံးစစ်ဆေးခြင်းကိုတော့ မတ်လလောက်မှာ စစ်ဆေးသွားမယ်လို့  ပြောဆိုထားပါတယ်။

အခြေခံပညာကျောင်းတွေအတွက် သင်ရိုးညွှန်တန်းတွေရဲ့ ၁၀၀ ရာနှုန်းထဲက ၆၀ ရာနှုန်းကို စာသင်ကျောင်းတွေမှာ သင်ပေးသွားမှာဖြစ်ပြီး ကျန်တာတွေကို ကိုယ်တိုင်လက်တွေ့လေ့ကျင့်ခန်းနဲ့ အိမ်မှာသင်ကြား လို့ရအောင် စီစဉ်ပေးသွားမှာဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ မဖွင့်လှစ်နိုင်သေးတဲ့ မြို့နယ် ၄၆ မြို့နယ်က အခြေခံပညာစာသင်ကျောင်းတွေကိုလည်း ရောဂါ ကူးစက်မှုကျဆင်းသွားရင် ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တက္ကသိုလ်တွေကိုလည်း လာမယ့် ဒီဇင်ဘာလဆန်းမှာ ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီက စီစဉ်နေတာဖြစ်ပြီး တဖက်မှာလည်း စစ်ကျွန်ပညာရေး ဆန့်ကျင်တဲ့အနေနဲ့ ကျောင်း မတက်ဘဲနေကြတဲ့ ကျောင်းသား‌တွေရှိနေသလို  အာဏာဖီဆန် CDM လုပ်ဆောင်နေတဲ့ ဆရာ ဆရာမတွေလည်း ရှိနေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up