
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်က CDM ရဲတပ်သား ကျော်ကိုကိုဟာ အလှူငွေတွေကောက်ခံ ထွက်ပြေးသွားပြီး လှိုင်သာယာရဲစခန်းမှာ နိုဝင်ဘာ ၂၃ ရက်နေ့က သွားအဖမ်းခံကာ တော်လှန်ရေးမှာ ပါဝင်နေသူတွေအကြောင်းဖော်ထုတ်သတင်းပေးခဲ့တယ်လို့ လပွတ္တာမြို့နယ် တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
ရဲပြေး ကျော်ကိုကိုဟာ လွတ်မြောက်ဒေသတစ်ခုကို ရောက်ရှိလာပြီးနောက် တခြားသော CDM ရဲတပ်ဖွဲ့ဝင်တွေကိုပါ ခေါ်ဆောင်ကာ ဦးဆောင်သူပုံစံနဲ့ အလှူငွေတွေ ယူဆောင်ထွက်ပြေးပြီး လှိုင်သာယာရဲစခန်းမှာ အဖမ်းခံခဲ့တာလို့ လပွတ္တာမြို့နယ် တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
လပွတ္တာမြို့နယ် တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “CDM ဆိုပြီး ကျနော်တို့ လက်ခံထားတာ။ သူခေါ်လာလို့ ရောက်နေတဲ့ CDM တခြားရဲတွေလည်း ရှိတယ်။ အလှူခံပြီး ငွေတွေလည်း လိမ်ပြီး ထွက်ပြေးတယ်။ အခုက လှိုင်သာယာမှာ ဖမ်းခံလိုက်ပြီး ဖော်ကောင်လုပ်တာ၊ အခုဒီမှာ ကျန်နေတဲ့ CDM ရဲတွေပါ မကောင်းတော့ဘူး၊ စစ်ဆေးတာတွေ လုပ်နေရတယ်” လို့ ပြောပါတယ်။
ကျော်ကိုကိုနဲ့ ပက်သက်မိတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အမြန်ဆုံးရှောင်တိမ်းကြဖို့ကိုလည်း လွတ်မြောက်ဒေသရောက် လပွတ္တာမြို့နယ် တော်လှန်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။