
ပဲခူးတိုင်းအနောက်ပိုင်း အုတ်ဖိုမြို့နယ်၊သင်ပန်းကုန်းကျေးရွာအုပ်စု၊ သစ်ဆိမ့်ကုန်းကျေးရွာ အလယ်တန်း ကျောင်းမှာ နိုဝင်ဘာ ၂၀ ရက် မနက်ပိုင်းက ကျောင်းတက်ချိန်မှာ အသံဗုံး ၁ လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပညာရေးဝန်ထမ်းတဦးက ''အသံအကျယ်ကြီးပဲ။ မြေကြီးတောင်တုန်တယ်။ ဆရာတွေကော ကျောင်းသားတွေကော လန့်ကုန်ကြတာပေါ့။ ကျောင်းသားတွေကို ပြန်လွှတ်လိုက်တယ်။ ပညာရေး ဝန်ထမ်းတွေကတော့ ကျောင်းစောင့်အနေနဲ့ နေခဲ့ရတာပေါ့။ တို့ဘဝတွေကလည်း မိသားစုဝင်ငွေ အတွက် လစာကိုမျှော်နေရလို့သာ လုပ်နေရတာပါ'' လို့ ပြောပါတယ်။
အဲဒီကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအပြင် အနီးအနားကျေးရွာတွေက စာသင်ကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း လုံခြုံရေးအခြေအနေအရ နေအိမ်ကို ပြန်လွတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။
''ကလေးတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်မှာစိုးရိမ်လို့ မိဘတွေကကျောင်းတွေကို သွားခေါ်ကြ တယ်။ လာမယ့်ကျောင်းဖွင့်ရက်တော့ ဘယ်လိုဖြစ်မယ်မသိဘူး” လို့ ကျောင်းသားမိဘတဦးက ဆိုပါတယ်။
အုတ်ဖိုမြို့နယ်က ဂုံညင်းတန်းကျေးရွာ၊ အထက်တန်းကျောင်းမှာလည်း နိုဝင်ဘာ ၂၀ ရက် မနက်ပိုင်းက မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံး ၁ လုံးကို စစ်ကောင်စီတပ်သားတွေ ရောက်လာကာ သေနတ်နဲ့ပစ်ခတ်ဖျက်ဆီးလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အုတ်ဖိုမြို့နယ်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ ဖွဲ့စည်းထားတာ မရှိသေးလို့ ဗုံးထောင်ဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ကြောင်း သတင်းထုတ်ပြန်ထားတာလည်း မတွေ့ ရှိရသေးပါဘူး။