မကွေးတိုင်းဒေသကြီး ဆောမြို့နယ်မှာ နိုဝင်ဘာလ ၁၉ ရက်နေ့မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့ ၄ ဖွဲ့နဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က အယောက် ၂၀ ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ PDF - ဆော တပ်ဖွဲ့ဆီက သိရပါတယ်။
ဆောမြို့နယ်မှာ နိုဝင်ဘာ ၁၉ ရက်နေ့ မနက် ၅ နာရီ ကျော်ကနေ ၁၁ နာရီလောက်အထိ PDF-ဆော၊YDF-ဆော၊ ကျောက်ထု၊ CDF-ကန်ပက်လက်နဲ့ CDF-မင်းတပ်တို့ ညီနောင်မဟာမိတ် ၄ ဖွဲ့နဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တာလို့ PDF-ဆော ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုတွေဟာ နိုဝင်ဘာလ ၁၇ ရက်နေ့ကနေ ဒီကနေ့အထိ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်တာကြောင့် အဲဒီနေ့မှာပဲ PDF-ဆောက ရဲဘောက် နှစ်ယောက် လက်နက်ကြီးထိမှန်ပြီး တစ်ယောက်၊ လက်နက်ငယ်ထိမှန်ပြီးတော့ တစ်ယောက် တိုင်းပြည်အတွက် အသက်ပေးလိုက်ရတယ်လို့ ဆိုပါတယ်။
ဒီကနေ့ တိုက်ပွဲပြင်းထန်နေတဲ့အချိန် မနက် ၁၁ နာရီခွဲလောက်ကနေ မွန်းလွဲ ၂ နာရီလောက်ထိ စစ်အုပ်စုဘက်က လေကြောင်းကနေ ရဟတ်ယာဥ်နဲ့ အကြိမ် ၃၀ လောက်ဗုံးကြဲပြီး စက်သေနတ်တွေနဲ့ ဒုံးကျည်တွေပါ အသုံးပြုပြီး တိုက်ခိုက်တာကြောင့် ညီနောင်မဟာမိတ်ဖွဲ့တွေ ဘေးလွတ်ရာကို ဆုတ်ခွာခဲ့ရတယ်လို့ ပြောပါတယ်။
“စစ်အုပ်စုက လေကြောင်းကနေ တိုက်ခိုက်တော့ ကျေးရွာတွေမှာ ရှိတဲ့ ဒေသခံပြည်သူတွေ အကုန်လုံး ထွက်ပြေးတိမ်းရှောင်ကြရတာပေါ့။ လောလောဆယ်မှာ ရွာတွေမှာရှိတဲ့ ပြည်သူတွေရဲ့ ထိခိုက်ပျက်စီးတာတွေကို အတိကျအတည်မပြုနိုင်သေးဘူး။ အဲဒီ ရဟတ်ယာဉ်က နောက်ထပ်ပြန်လာနိုင်သလို တိုက်ပွဲတွေလည်း တက်ပြီး ဖြစ်နိုင်သေးတယ်” လို့ PDF-ဆော ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
မနေ့ကလည်း ထိတွေတိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကောင်စီတပ်က တောမရွာကို အကုန်လုံး ရမ်းသမ်းပစ်ခတ်သွားတာကြောင့် ရွာလူကြီး ကျည်ထိသွားပြီး ရွာသားတွေလည်း ဖမ်းဆီးစစ်ဆေး နှိပ်စက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲဖြစ်တဲ့နေရာကို ကျောက်ထုလေဆိပ်ကနေ Mi 35 လေယာဥ်တစ်စီးနဲ့ ထောက်ပို့ ရဟတ်ယာဥ်တစ်စီးပျံဝဲပြီးတော့ ရဟတ်ယာဥ် ၅ မိနစ်လောက်ဆင်းသက်ကာ စစ်အုပ်စု အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို သယ်သွားကြတယ်လို့ PDF-ဆောက ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်စဉ်နဲ့ သေဆုံးဒဏ်ရာရမှုအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။