Home
မြန်မာသတင်း
PPST ထုတ်ပြန်ချက် အကြမ်းဖက်အဖြစ် စွပ်စွဲသည့်သဘောသက်ရောက်ဟု စစ်ကောင်စီ ကန့်ကွက်
DVB
·
November 11, 2021

အန်စီအေ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီကို အကြမ်းဖက်အဖြစ် စွပ်စွဲထားတဲ့သဘော သက်ရောက်နေတယ်ဆိုပြီး စစ်ကောင်စီ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်က ကန့်ကွက်သတိပေးလိုက်ပါတယ်။

အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ နိုဝင်ဘာ ၅ ရက်နေ့မှာ ပြီးစီးသွားတဲ့ အစည်းအဝေးထုတ်ပြန်ချက်မှာ စစ်ကောင်စီက ပြည်သူလူထုရဲ့ အိုးအိမ်တွေ့ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုင်တာတွေအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဖော်ပြခဲ့တာပါ။

ဒါဟာ စစ်ကောင်စီ ဒါမှမဟုတ် တပ်မတော်ကို PPST က အကြမ်းဖက်အဖြစ် စွပ်စွဲထားတဲ့ သဘော သက်ရောက်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်က စာထုတ် ကန့်ကွက်တာပါ။

တပ်မတော်ဟာ ကျေးရွာတွေ၊ မြို့ရွာတွေထဲမှာ တိုက်ပွဲဖြစ်ရင် လူနေအိမ်တွေ၊ သာသနိက အဆောက်အအုံတွေ၊ ဆေးရုံ စာသင်ကျောင်းတွေ အပါအဝင် ဥပဒေနဲ့အညီနေထိုင်ကြတဲ့ ပြည်သူလူထုနဲ့သက်ဆိုင်တဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာ ဖျက်ဆီးတာတွေ လုံးဝ လုံးဝ မပြုလုပ်တဲ့အပြင် လုပ်ဖို့လည်း မူဝါဒ ညွှန်ကြားချက် မရှိဘူးလို့ သူက ဆိုပါတယ်။

PPST ရဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ဖြစ်ခဲ့တဲ့ ချင်းပြည်နယ် ထန်တလန်ကိစ္စ အပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်နီဒေသတွေမှာ စစ်ကောင်စီက ပြည်သူတွေရဲ့ အိုးအိမ်တွေ၊ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်လို့ ဖော်ပြခဲ့တာပါ။

ထန်တလန်မြို့ပေါ်မှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်လို့ ဘုရားကျောင်းအပါအဝင် လူနေအိမ်ပေါင်း ၁၆၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒီဖြစ်စဉ်ကို နမူနာယူကြဖို့. စစ်ကောင်စီကို ထောက်ခံသူ ကြံ့ဖွံ့ပါတီ ပြောခွင့်ရှိသူတယောက်က သူ့ရဲ့ လူမှုကွန်ရက်ကနေ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းမှာပဲ ကရင်နီဒေသထဲက ဘုရားကျောင်းတွေကို စစ်ကောင်စီရဲ့ လက်နက်ကြီးတွေ ထိမှန်ပျက်စီးခဲ့ပါတယ်။

တခြားဒေသတွေမှာလည်း ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက ဖျက်ဆီး မီးရှို့ ရှာဖွေမွှေနှောက်ပြီး တန်ဖိုးရှိ ပစ္စည်းတွေ ခိုးယူကြတဲ့ ဖြစ်စဉ်အများအပြားကိုလည်း စိတ်ချရတဲ့ ဒေသခံတွေက ဒီဗွီဘီကို သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီကတော့ ပျက်စီးတာတွေဟာ အကြမ်းဖက် သောင်းကျန်းသူတွေရဲ့ လက်ချက်လို့ ဆိုပြီး ဒါတွေကို ပြည်သူတွေနဲ့ ပူးပေါင်းပြီး ပြန်ပြင်တာတွေကို လုပ်ပေးနေတာ အားလုံး အသိလို့ ဆိုပါတယ်။

ပြီးတော့ PPST ဟာ လူမှုကွန်ရက်မှာ ရေးထားတာတွေကို ဖတ်ပြီး တပ်မတော်အပေါ် တဖက်သတ်စွပ်စွဲတာဖြစ်လို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ဖောက်ဖျက်ကျူးလွန်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ထုတ်ပြန်ချက်ပါ အဲဒီအပိုဒ်ကို လိုအပ်သလို ပြန်ပြင်ဆင်သွားဖို့လည်း စာမှာ ဖော်ပြအကြောင်းကြားထားပါတယ်။

(ဓာတ်ပုံ- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေးပွဲတစ်ခုမြင်ကွင်း)

Photo-MOI

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024