မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးလှရီဟာ အောက်တိုဘာ ၃၀ ရက်နေ့ ည ၇ နာရီအချိန်လောက်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေ ပြောပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးလှရီကို အမည်မသိ သေနတ်သမား ၂ ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး၊ အုပ်ချုပ်ရေးမှူးရုံးလာရာ လမ်းမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခဲ့ရတာကြောင့် အုပ်ချုပ်ရေးမှူး ဦးလှရီဟာ ဒဏ်ရာ ၅ ချက် ရရှိခဲ့ပြီး အခင်းအဖြစ် နေရာမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးလှရီကို သေနတ်နဲ့ ပစ်သတ်ခဲ့တာဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးလှရီဟာ မော်လမြိုင်မြို့နေ ပြည်သူတွေကို စိတ်ရောကိုပါ ဒုက္ခပေးနေတဲ့အတွက်ကြောင့် သုတ်သင်ရှင်းလင်းရတာလို့ ဆိုထားပါတယ်။
အုပ်ချုပ်ရေးမှူး ဦးလှရီဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်ပြီး၊ မော်လမြိုင်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဦးဆုံး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ အုပ်ချုပ်ရေးမှူး တစ်ဦးလည်း ဖြစ်ပါတယ်။