Home
ဆောင်းပါး
နိုင်ငံကို ဘယ်လိုတည်မလဲ၊ NUCC ၊ NUG၊ CRPH ဆိုင်ရာ စဉ်းစားချက်များ
DVB
·
October 26, 2021

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုရဲ့ ဦးဆောင်ဦးရွက်နဲ့ ပူးပေါင်းဆောင်ရွက်ရေး ဖွဲ့စည်းပုံ ၃ ခုဖြစ်တဲ့  NUG, CRPH နဲ့ NUCC တို့မှာ အရေးကြီးတဲ့ အခန်းကဏ္ဍတွေ ရှိပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ အစိုးရတရပ်ရဲ့ တာဝန်တွေကို ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ အကန့်အသတ် အကျပ်အတည်းကြားထဲကပဲ သူ လုပ်နိုင်သမျှသော တာဝန်ကို ဆောင်ရွက်ရပါမယ်။ 

NUG ရဲ့အလုပ်က အစိုးရတရပ်ရဲ့ တာဝန်ကို ထမ်းဆောင်ရတာပါ။ သို့သော်လည်း ကျနော်တို့ အားလုံးသတိပြုရမှာက ပုံမှန်လည်ပတ်နေတဲ့ ရွေးကောက်ခံ အစိုးရတရပ်ဆီက မျှော်လင့်ကြမယ့် လုပ်ဆောင်မှုမျိုးတွေ NUG ဆီမှာ အလုံးစုံတောင်းဆိုမျှော်လင့်လို့ မရတာနိုင်တာပါ။ NUG ဟာ နိုင်ငံနဲ့ ပြည်သူ အဆုံးစွန် ဘေးအန္တရာယ်နဲ့ အကျပ်အတည်းကြုံနေရတဲ့ အခြေအနေအတွက် ယာယီအစိုးရပါ။ ဒါ့ကြောင့်ရှိသမျှ အရင်းအမြစ်နဲ့ စွမ်းဆောင်ရည်အားလုံးက ရိုးရှင်းတဲ့ ရည်မှန်းချက်တွေဆီကိုပဲ ဦးတည်ရမှာပါ။

အဲဒီရည်မှန်းချက်တွေကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု အနိုင်ရရေးနဲ့ အနာဂတ်မှာ အသက်ဝင်ရမယ့် ဖွဲ့စည်းပုံယန္တရားတွေအတွက် အခြေခံအုတ်မြစ်ချရေးပဲ ဖြစ်ပါတယ်။ တခြားရှုပ်ထွေးတဲ့ အကြောင်းကိစ္စတွေကိုတော့ လူသတ်စစ်အာဏာရှင်ရဲ့ တိုက်ခိုက်မှုကို မြန်မာပြည် မခံရတော့တဲ့ အချိန်ထိ ရွှေ့ဆိုင်းထားရပါဦးမယ်။ 

NUG ရဲ့ နောက်ထပ်အရေးကြီးတဲ့ အလုပ်တခုက နိုင်ငံတကာ အသိုင်းအဝန်းကို တခြားသော အစိုးရဖွဲ့စည်းပုံတရပ်ရှိနေကြောင်း သိစေဖို့ပါ။ NUG သာ ပေါ်ထွက်မလာခဲ့ဘူးဆိုရင် စစ်ကောင်စီကို နိုင်ငံတကာ အသိုင်းအဝိုင်းအတော်များများက ယာယီအစိုးရအဖြစ် အသိအမှတ်ပြုပြီး ဖြစ်နေပါလိမ့်မယ်။

NUG ပေါ်ထွက်လာတာကြောင့်သာ နိုင်ငံတကာအသိုင်းအဝန်းအတွက် မတူတဲ့ စင်ပြိုင်တောင်းဆိုမှု ပေါ်လာပြီး စစ်အာဏာရှင်နဲ့  အကန့်အသတ်မရှိ ဆက်ဆံလို့ မရစေတာပါ။ NUG သာမရှိဘူးဆိုရင် အဟန့်အတားမရှိတဲ့ ဆက်ဆံရေးတွေ လုပ်ကြပါလိမ့်မယ်။ 

အခုအထိတော့ NUG ဟာ တရားဝင်အစိုးရအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုခံရတဲ့ အနေအထားကို မရောက်သေးပါဘူး။ ဒါပေမဲ့ NUG ရဲ့ အရေးကြီးတဲ့ အောင်မြင်မှုက စစ်ကောင်စီကို ယာယီအစိုးရအဖြစ် လက်ခံမလာအောင် ပိတ်ဆို့ထားနိုင်တာပဲ ဖြစ်ပါတယ်။ 

CRPH ကတော့ ရွေးကောက်ပွဲ ပြတ်ပြတ်သားသား နိုင်ခဲ့တာကနေ ရလာတဲ့ တရားဝင်မှုကို ထိန်းပေးထားတဲ့ဖွဲ့စည်းပုံ ဖြစ်ပါတယ်။ ဒီရွေးကောက်ခံ အမတ်အုပ်စုကနေသာ ပုန်းကွယ် တိမ်းရှောင်ရင်း သတ္တိရှိရှိနဲ့ CRPH ဆိုပြီး မလုပ်ခဲ့ရင် NUG ရော NUCC ရော ပေါ်လာစရာ အကြောင်းမရှိပါဘူး။

ဂျန်ဇီတွေ၊ သပိတ်ကော်မတီတွေ၊ CDM တွေ၊ အရပ်ဘက်လှုပ်ရှားသူတွေ၊ NLD ပါတီဝင်တွေရဲ့ သတ္တိနဲ့ စွမ်းအားလိုပဲ အရေးကြီးတဲ့ ဖြည့်ဆည်းရပ်တည်မှုအပိုင်းက CRPH ဖွဲ့စည်းတာကနေ လာပါတယ်။ ဂျန်ဇီတွေ၊ သပိတ်ကော်မတီတွေ၊ CDM တွေ၊ NLD ပါတီဝင်တွေဟာ ခုခံရေး မြစ်မကြီးထဲမှာ များပြားလှတဲ့ ဒီလှိုင်းအရှိန်အဟုန်တွေကို ဖန်တီးခဲ့ပါတယ်။ ထုထည်ကြီးလှတဲ့ ပြည်သူ့အာဏာလှုပ်ရှားမှုကို သူတို့ တည်ဆောက်ခဲ့ပါတယ်။ CRPH ၊ NUG နဲ့ NUCC တို့ကတော့ ဒီရေစီးမှာ အရေးကြီးတဲ့ ဦးတည်လမ်းကြောင်းတွေ ပေးပါတယ်။ 

အရင်ရေးခဲ့တဲ့ မှတ်ချက်မှာ NUCC ကို အလေးပေးပြောပါတယ်။ အကြောင်းကတော့ အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပျိုးထောင်တဲ့ အလုပ်၊ တွဲစပ်တဲ့အလုပ်၊ ကျယ်ပြန့်နက်ရှိုင်းစေတဲ့ အလုပ်၊ အတူတကွ ဖြစ်ရေး အလုပ်တွေဟာ အလွန်အရေးကြီးလို့ပါ။ အဲဒါတွေပါမှ အာဏာရှင်အပေါ် အောင်ပွဲခံနိုင်မှာပါ။ မနေ့ကရော၊ ဒီနေ့ရော၊ မနက်ဖြန်အတွက်ရော အလွန့်အလွန် အရေးကြီးတဲ့ အလုပ်ပါ။ 

၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ အကြီးဆုံးအမှားက ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရရင် ရွေးကောက်ခံအစိုးရအနေနဲ့ လုံလောက်တဲ့ ပါဝါရှိပြီ၊ ဒါဆိုရင် ရှုပ်ထွေးတဲ့ ပြဿနာတွေ စဖြေရှင်းလို့ ရပြီလို့ တွေးခဲ့တဲ့ ကိစ္စပါ။ များပြားတဲ့ လူမျိုးစုတွေ ရှိနေတဲ့ဒီနိုင်ငံမှာ နိုင်ငံတည် သဘောသဘာဝဘယ်လို ဖြစ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး အခြေခံကျတဲ့ သဘောတူညီမှု ရှိမနေသေးတာဟာ မြန်မာပြည်ရဲ့ ကြီးမားလှတဲ့ ပြဿနာပါ။ ရှုပ်ထွေးတဲ့ ဒီပြဿနာကို ဖြေရှင်းဖို့က အလွန်အားကြီးတဲ့ ဒီမိုကရက်တစ် မန်းဒိတ် ( ရွေးကောက်ပွဲမှာ မဲ အပြတ်အသတ်နိုင်တာ) ဖြစ်စေဦးတော့ အဲဒီတခုတည်းနဲ့ ဘယ်လိုမှ မလုံလောက်ပါဘူး။ 

ရွေးကောက်ပွဲတွေ ဆိုတာကတော့ တယောက်ယောက်နိုင်တဲ့ကိစ္စပါ။ လူအများစုက ဘယ်သူနိုင်လဲ ဆုံးဖြတ်တာပါပဲ။ လူမျိုးစုတွေ စုံလင်ကွဲပြားတဲ့ နိုင်ငံမှာတော့ နိုင်ငံတည်တယ်ဆိုတာ ဘုံတူညီချက်နဲ့ အပေးအယူပြုရတဲ့ကိစ္စ ဖြစ်ပါတယ်။ တခြားသူတွေ ရှုံးနေတဲ့ အခြေအနေမှာ ဘယ်သူမှ နိုင်ငံရေးအရ အကြွင်းမဲ့ အောင်နိုင်သူဖြစ်လို့ မရပါဘူး။ လူအများစုက အဆုံးအဖြတ်ပေးမယ်ဆိုတဲ့ ပုံစံနဲ့ သွားလို့လည်း မရပါဘူး။ လူများစုရော လူနည်းစုရောက အလယ်လမ်းရှာပြီး ကြီးငယ် နည်းများမဟူ အားလုံးရဲ့ လိုလားချက် ဆန္ဒတွေပြည့်အောင် လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ လူတိုင်းက တစုံတရာသော အပေးအယူကို (အတင်းအကျပ် လက်ခံခိုင်းလို့ မဟုတ်ဘဲ) ကိုယ့်သဘောဆန္ဒအရကို လက်ခံလာကြအောင် လုပ်ရမယ့်ကိစ္စပါ။ အများဆုံးရဖို့နဲ့သာ သွားကြမယ်ဆိုရင် အခြေခံသဘောတူညီချက် မရနိုင်ပါဘူး။ ဒါဆိုရင် မယုံကြည်တာ၊ သဘောထားကွဲတာ၊ ရန်ဖြစ်နေတာနဲ့ စစ်တပ်စိုးမိုးမှုက နောက်ဆယ်စုနှစ် များစွာတိုင် မပြီးမစီးနိုင် ဖြစ်နေပါလိမ့်မယ်။

NUCC အရေးကြီးရတာက ဘုံသဘောတူညီချက်၊ နားလည်မှုနဲ့ စုပေါင်းအမြင်ကို တည်ဆောက်ပေးနိုင်တဲ့ ယန္တရား ဖြစ်လို့ပါ။ 

CRPH ဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ မဲအပြတ်အသတ်နိုင်ထားတာကို ကိုယ်စားပြုပါတယ်။ မြန်မာနိုင်ငံရေးမှာ ပါဝင်သူအားလုံးအနေနဲ့ မဲနိုင်မှုအားဖြင့် ရှိနေတဲ့ စီမံပိုင်ခွင့် (မန်းဒိတ်) ရဲ့ အင်အားနဲ့ တရားဝင်မှုကို အသိအမှတ်ပြုရပါမယ်။ CRPH ရဲ့ တရားဝင်မှုနဲ့ အရေးကြီးမှုကို ဘေးထုတ်ဖို့ ကြိုးစားမယ်ဆိုရင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ဖွဲ့စည်းမှုယန္တရားဆိုင်ရာ ခေါင်းဆောင်မှုပေးနေတဲ့ တရားဝင် ထင်ရှားတဲ့အင်အားစုတစ်ခုကို နိမ့်ကျအောင် လုပ်သလိုဖြစ်မယ့် အန္တရာယ်ရှိပါတယ်။ NLD ကို လူတွေအများကြီး မဲပေးခဲ့ပါတယ်။ အဲဒီမဲဆန္ဒရှင်အတော်များများဟာ အခုအခါမှာ သူတို့ရဲ့ မဲပေးပိုင်ခွင့်ကို ခုခံကာကွယ်နေကြပါတယ်။ ဒါဟာ လှုပ်ရှားမှုရဲ့ အရေးကြီးတဲ့ အင်အားရင်းမြစ်တခု ဖြစ်ပါတယ်။ 

တချိန်တည်းမှာ မဲအများဆုံးရထားလို့ နိုင်ငံရေးအင်အားစုအားလုံးကို ကိုယ်စားပြုတယ်၊ CRPH သာလျှင် အမှန်တကယ် ကိုယ်စားပြုတယ်လို့ ယူဆရင်လည်း အမှားပါပဲ။ အခြေခံဥပဒေ ပြောင်းလဲရေး မအောင်မြင်ခဲ့တာ၊ ငြိမ်းချမ်းရေးနဲ့  ညီညွတ်ရေး အလုပ်မဖြစ်ခဲ့တာ၊ ပင်လုံသဘောတူညီချက် အသစ်မရခဲ့တာ၊ ရွေးကောက်ပွဲနိုင်ငံရေးကို အာဏာသိမ်း ဖျက်ဆီးတာမျိုး မဖြစ်အောင် မကာကွယ်နိုင်ခဲ့တာ စတဲ့ ကျရှုံးမှုတွေထဲက အကြီးဆုံးသင်ခန်းစာကတော့ ရွေးကောက်ပွဲနိုင်ငံရေး တခုတည်းနဲ့တော့ စစ်ယန္တရားရဲ့ ဖိနှိပ်စိုးမိုးထားမှုကို ဖယ်ရှားဖို့ မလုံလောက်နိုင်ဘူး ဆိုတာပါ။ 

ထပ်တိုးလိုအပ်နေတာက အတူတကွဖြစ်ဖို့၊ နားထောင်ကြ စကားပြောကြဖို့၊ သဘောတူညီမှု ရှာကြဖို့၊ စုံလင်ကွဲပြားလှတဲ့ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ လှုပ်ရှားပါဝင်သူအားလုံး ယုံကြည်မှု တည်ဆောက်နိုင်ဖို့ပါ။ မြန်မာပြည်ရဲ့ အကွဲအပြဲဇာတ်လမ်းကို ရွေးကောက်ပွဲနိုင်တာ တခုတည်းနဲ့ မဖြေရှင်းနိုင်ပါဘူး။ ပေါင်းကူးတံတားထိုးတာ၊ ဘုံတူညီမှုရှာတာ၊ ယုံကြည်မှုတည်ဆောက်တာတွေနဲ့ ဖြေရှင်းရမှာပါ။ 

အဲဒါတွေလုပ်ဖို့ အလွန်အရေးကြီးတဲ့ နေရာမှာရှိတာက NUCC ပါ။ ။

အီဂေါဗလာဇီဗစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024