
မတရား ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင် ပိုင်တံခွန်ဟာ TC Candler Entertainment က ထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့အချောဆုံး အမျိုးသား ၁၀၀ ဆန်ကာတင်စာရင်းမှာ ပါဝင်လာပါတယ်။
ကမ္ဘာ့နာမည်ကျော် 100 Most Handsome Faces List ကို TC CANDLER နဲ့ The Independent Critics တို့က ၁၉၉၀ ပြည့်နှစ်ကတည်းက စတင်ဖော်ပြခဲ့တာပါ။
အခုနောက်ပိုင်းမှာတော့ ဒီစာရင်းဟာ သန်းနဲ့ချီတဲ့ ကြည့်ရှုသူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာတာ ဖြစ်ပါတယ်။
TC Candler ကနေ ကမ္ဘာ့အချောဆုံး မျက်နှာပိုင်ရှင် အမျိုးသား နဲ့ အမျိုးသမီးစာရင်းကို နှစ်စဉ် ထုတ်ပြန်နေတာဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွက် အချောဆုံး မျက်နှာပိုင်ရှင်အဖြစ် သတ်မှတ်ခံရနိုင်ချေရှိတဲ့ ဆန်ခါတင်စာရင်းကိုတော့ သူတို့ရဲ့ Instagram မှာ ထုတ်ပြန်ကြေညာခဲ့ပြီး ပိုင်တံခွန် ပါဝင်ခဲ့တာပါ။
၂၀၂၀ အတွက် The 100 Most Handsome & Beautiful Faces 2020 စာရင်းမှာလည်း ပိုင်တံခွန်ပါဝင်တယ်လို့ TC Candler Entertainment က ကြေညာထားပါသေးတယ်။
သရုပ်ဆောင်ပိုင်တံခွန်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က မတရား အာဏာသိမ်းပြီးကတည်းက အမှန်တရားဘက်က ရပ်တည်ကာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆို အဖမ်းခံထားရပြီး အခုဆိုရင် ၆ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။