
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ စစ်အုပ်စုထောက်တိုင်နေရာတွေဖြစ်တဲ့ ဌာနဆိုင်ရာ ရုံးတွေနဲ့ မိုင်တဲလ်တာဝါတိုင် စတဲ့ နေရာတွေမှာ ၁၃ ကြိမ် ဗုံးခွဲဖျက်ဆီးတာတွေပြုလုပ်ခဲ့ပြီး သတင်းပေးအမျိုးသားတဦးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့က အောက်တိုဘာ ၅ ရက်နေ့ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေလပိုင်းက စတင်ကာ စစ်အုပ်စုနဲ့သက်ဆိုင်တဲ့နေရာတွေကို ဖောက်ခွဲဖျက်ဆီးတာတွေပြုလုပ်ခဲ့တာ ၁၃ ကြိမ်ထိရှိခဲ့ပြီး ဒါ့ပြင် စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့သလို စစ်အုပ်စုရဲ့ အမာခံသတင်းပေးတဦးကိုလည်း ရှင်းလင်းနိုင်ခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ပုသိမ်မြို့တဖက်ကမ်းက စစ်အုပ်စုအမာခံ သတင်းပေးရှင်းလင်းတာကို PDWF အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင်ကိုတော့ ဧရိယာ ၁၄ အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။”
ပုသိမ်မြို့မှာ စစ်အုပ်စုထောက်တိုင်တွေနဲ့ ထောက်ပံ့ပေးနေတဲ့နေရာတွေကို ဗုံးခွဲဖျက်ဆီးတာနဲ့ သတင်းပေး ရှင်းလင်းတဲ့ လုပ်ငန်းတွေမှာ ပြည်သူတွေ မထိခိုက်အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရှေ့ဆက်ပြီး စစ်အုပ်စုရဲ့ ထောက်တိုင်တွေ၊ ရဲတွေ၊ သတင်းပေးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေကို သုတ်သင်ရှင်းလင်းသွားမယ်လို့ ပုသိမ်မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။