Home
မြန်မာသတင်း
ရန်ကုန်-ပုသိမ်လမ်းမကြီး အဝေးပြေးကားကွင်းအနီး စစ်တပ်ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရ
DVB
·
October 4, 2021

ရန်ကုန်-ပုသိမ် လမ်းမကြီး ရဲတပ်ရင်း ၉ နှင့် အဝေးပြေးကားကွင်းကြားမှာ အောက်တိုဘာ ၃ရက် ည ၈ နာရီ ၂၀ မိနစ်လောက်က အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းအား Myanmar Defense Force (MDF-Yangon) နဲ့ Civil Guerrilla Force (CGF-HTY) တို့ ပူးပေါင်းဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က ၄ ဦးထက်မနည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Myanmar Defense Force (MDF-Yangon) အနေနဲ့ မိတ်ဖက် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး စစ်ကောင်စီအား အရှိန်မြှင့်ကာ ဆက်လက်ခုခံ တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

မြို့နေ ပြည်သူတွေအနေနဲ့ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေနဲ့ အတတ်နိုင်ဆုံး ဝေးဝေးနေပေးကြဖို့၊ NUG အစိုးရက အကြံပြုထားတဲ့ အရေးပေါ်အခြေအနေ လမ်းညွှန်ချက်များအတိုင်း ကြိုတင်ပြင်ဆင်နေထိုင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

အောက်တိုဘာ ၁ ရက်ကလည်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ဘုရားလမ်းမီးပွိုင့်ရှိ ယာဉ်ထိန်းရဲရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က ၂ ဦး သေဆုံးပြီး ၇ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၊ ကနောင်မင်းသားကြီးလမ်း၊ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ Denko Co., Ltd နှင့် Gold Delta Co., Ltd ရုံးတို့မှာလည်း အောက်တိုဘာ ၃ ရက် ညနေ ၆ နာရီလောက်က ဗုံးဖောက်ခွဲခံရပြီး သတိပေးတဲ့အနေနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ Free Tiger Ranger က ထုတ်ပြန်ထားပါတယ်။

Denko နဲ့ Gold Delta တို့က ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေနဲ့ ဝန်ထမ်းတွေဟာ အကြမ်းဖက်စစ်ကောင်စီအား ထောက်ခံသတင်းပေးတာနဲ့ အခြေခံပြည်သူတွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ စက်သုံးဆီ ဈေးနှုန်းကစားနေတာကြောင့် ပထမအကြိမ် သတိပေးတိုက်ခိုက်တာလို့ ဆိုပါတယ်။

အဲဒီလုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့နဲ့ မရပ်ပါက ပိုင်ဆိုင်မှုတွေကို ပြင်းထန်စွာတိုက်ခိုက် ဖျက်ဆီးသွားမယ်လို့ Free Tiger Ranger လှိုင်သာယာမြို့နယ်အဖွဲ့ခွဲက သတိပေးထားပါတယ်။

အောက်တိုဘာ ၂ ရက်ကလည်း ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်အခွန်ရုံးကို Free Tiger Ranger အဖွဲ့က လက်လုပ်မိုင်းနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024