
မြန်မာပြည်တွင်း အခက်အခဲဖြစ်နေတဲ့ ဒေသတွေက စစ်ဘေးရှောင်မိသားစုတွေကို ဖေးမကူညီဖို့ Clean Yangon အဖွဲ့ကတဆင့် ပါဝင်လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါတယ်။
“၃၀၀၀ ကျပ်သာ လှူပေးပါ” ကမ်ပိန်းမှာတော့ စေတနာရှင်တွေနဲ့ပူးပေါင်းပြီး စစ်ဘေး ရှောင်ဒေသတွေရဲ့ စားနပ်ရိက္ခာလိုအပ်ချက်တွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ Clean Yangon အဖွဲ့က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံတဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေခဲ့တာပါ။
ဒီတိုက်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေး ရှောင်ဒုက္ခသည်တွေဟာလည်း တနေ့တခြား ပိုမိုများပြားလာနေပါတယ်။
Clean Yangon အဖွဲ့ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့အတူ ရန် ကုန်မြို့တော် သာယာလှပရေးနဲ့ သန့်ရှင်းရေးအတွက် စွန့်ပစ်အမှိုက် အသိပညာပေးရေး လှုပ်ရှားမှုတွေနဲ့ ထင်ရှားပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလ ကူညီကယ်ဆယ်ရေးလုပ်ငန်း တွေမှာလည်း တစိုက်မတ်မတ် လှုပ်ရှားခဲ့တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။
လတ်တလောမှာတော့ မတရားအာဏာသိမ်းကာလ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေကြား ပဋိပက္ခတွေကြောင့် နေရပ်ဒေသအသီးသီးက ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ တထောင့်တနေရာကနေ ပံ့ပိုးကူညီမှုတွေ တစိုက်မတ်မတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။