စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်စံပြကျေးရွာကို စစ်ကောင်စီလက်နက်ကိုင်တပ်တွေက စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းက ဝင်ရောက်စီးနင်း ရှာဖွေနေတယ်လို့ ဒေသခံရွာသားတွေထံက သိရပါတယ်။
ရဲတပ်သားတစ်ဦး မုံရွာကနေ ထွက်ပြေးပြီး ကျားတက်စံပြကျေးရွာမှာ လာပုန်းနေတယ်လို့ သတင်းရလို့ စစ်တပ်က လာရှာတာလို့ ဒေသခံရွာသားတစ်ဦးပြောပါတယ်။
“ဒီနေ့မနက်ပိုင်းကစပြီး အခုလက်ရှိအချိန်အထိ ရှာဖွေနေတုန်းဗျ။ ဘာရှာကြတာလဲဆိုတော့ ရဲတပ်သားတစ်ဦး မုံရွာကနေ ထွက်ပြေးပြီး ကျနော်တို့ရွာကို လာပုန်းနေတယ်လို့ သတင်းရလို့ ဆိုလာပဲဗျာ။ အတိကျတော့မသိဘူးပေါ့။ သူတို့ ရှာနေတဲ့အချိန် လမ်းပေါ်က ကားတစ်စီးကို အရပ်ခိုင်းပြီး ကားသမားကို ရိုက်နှက်ထိုးကြိတ်တာတွေပါ လုပ်ကြတယ်။ ကျနော်တို့ ဒေသခံတွေ တချို့တစ်ဝက်ကတော့ ထွက်ပြေးကြတာရှိသလို၊ တချို့ကတော့ ကိုယ့်အိမ်ထဲကိုယ် နေကြတာတွေလည်းရှိတယ်။ လမ်းပေါ်ကတော့ လူအသွားအလာမရှိသလောက်ကို ဖြစ်သွားတယ်”လို့ ကျားတက်စံပြရွာသားက ပြောပါတယ်။
ဒီနေ့ စက်တင်ဘာ ၁၉ ရက်နေ့မှာ မုံရွာမြို့က ရဲတပ်သားတစ်ယောက်ထွက်ပြေးတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဆားလင်းကြီးမြို့နယ် လက်ပတောင်းတောင်အနီး မုံရွာ ၊ ပုသိမ်သွား ကားလမ်းမဘေးမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေက ကား ၆ စီးနဲ့ ပိတ်ဆို့ ရှာဖွေနေပါတယ်။
ကျားတက်စံပြကျေးရွာဒေသဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်ကစတင်ပြီး လက်ရှိအချိန်အထိ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။