အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စမ်းသပ်ရောင်းချခဲ့တဲ့ အောင်လံလွှင့်ချီ နွေဦးထီရဲ့ Pilot project ဟာ ပြီးဆုံးခဲ့ပြီဖြစ်ပြီး ထီပေါက်စဉ်ကို မကြာခင်မှာ ထုတ်ပြန် ပေးသွားမယ်လို့ ဆိုပါတယ်။
ခုလိုရောင်းချနိုင်မှုဟာ မိဘပြည်သူတွေရဲ့ တက်ကြွစွာပူးပေါင်းပါဝင် အားပေးမှုတွေကြောင့်ဖြစ်ပြီး ထီအဝယ်အမှာတွေ ငွေပေးချေမှုလုပ်ငန်းတွေအားလုံး ပြီးဆုံးတာနဲ့ မကြာခင်မှာပဲ Pilot project ထီဖွင့်ရက်ကို ကြေညာပေးသွားမှာဖြစ်ပြီး ထီပေါက်စဉ်ကို ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် ထီကံထူးသူ မိဘပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကံထူးရှင်တွေကို အေးဂျင့်တွေက တိုက်ရိုက်ဆက်သွယ်အကြောင်းကြားပေးနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Pilot project အပြီး ပုံစံအသစ်နဲ့ပြန်လည်စတင်မယ့် Commercial Launch မှာလည်း မိဘပြည်သူတွေအနေနဲ့ ဆက်လက်ပူးပေါင်းပါဝင်ပေးကြဖို့ နွေဦးထီမိသားစုက တိုက်တွန်းထားပါတယ်။
အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့မှာ စတင် ရောင်းချခဲ့တာဖြစ်ပြီး ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကတော့ အဆိုပါထီနဲ့ ပတ်သက်ပြီး ဖွင့် လှစ်ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီး ထောင်ချသွားမယ်လို့ ခြိမ်းခြောက် ကြေညာထားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့ အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေရောင်းချဖို့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေပါတယ်။