
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောက်မိချောင်းတောင်ပိုင်းကျေးရွာအနီးရှိ စစ်တပ်ပိုင် Mytel တာဝါ တိုင်နဲ့ ဆက်သွယ်ရေး Cabinet တွေကို စက်တင်ဘာ ၁၇ ရက် မနေ့ည ၇ နာရီလောက်က ဗုံးခွဲဖျက်ဆီးခဲ့တယ်လို့ YPDF ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
လက်ရှိ Mytel ဖုန်းလိုင်းတွေ အနီးဝန်းကျင်တဝိုက် ပြတ်တောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေးမြို့ပြည်သူ့ကာကွယ်ရေးတပ် YPDF က စစ်တပ်ပိုင် ဆက်သွယ်ရေးပိုင်လိုင်းနဲ့ မြေအောက် ဆက်သွယ်ရေးကြိုးတွေကိုလည်း ပြီးခဲ့တဲ့ရက်တွေက ဖျက်ဆီးထားခဲ့သလို အခု Mytel တာဝါတိုင်ရဲ့ Cabinet တွေကို ထပ်မံဖျက်ဆီးခဲ့တာပါ။
NUG အစိုးရက ခုခံတွန်းလှန်စစ်ပွဲ စတင်ကြေညာတဲ့ စက်တင်ဘာ ၇ ရက်ကစပြီး မြန်မာ တနိုင်ငံလုံးက Mytel ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၂ဝဝဝ ကျော်ရှိတဲ့အနက် ဒေသဆိုင်ရာ PDF တွေက Mytel တိုင်ပေါင်း ၈၀ လောက်ကို ဖျက်ဆီးထားပါတယ်။
Mytel ဆက်သွယ်ရေးတာဝါတိုင်တွေဖျက်ဆီးခံရတဲ့အတွက် လူပေါင်း ၇ သိန်းလောက် အင်တာနက် မရကြတော့ဘူးလို့ Mytel ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြည်ပမီဒီယာတစ်ခုကို ပြောကြားထားပါတယ်။