DVB Logo
Home
မြန်မာသတင်း
လူသတ်ဓားပြမှု၌ လူမျိုးတုံးသတ်ဖြတ်မှုကို ထပ်မံဖြည့်စွက်သည့် အပေါ် ဥပဒေကျွမ်းကျင်သူများ ဝေဖန်
DVB
·
August 26, 2021
လူသတ်ဓားပြမှု၌ လူမျိုးတုံးသတ်ဖြတ်မှုကို ထပ်မံဖြည့်စွက်သည့် အပေါ် ဥပဒေကျွမ်းကျင်သူများ ဝေဖန်
Donate to DVB

လူသတ်ဓားပြမှု ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၁၁ မှာ လူမျိုးတုံးသတ်ဖြတ်မှု(Genocide)ဆိုင်ရာ အပိုဒ်ခွဲ ၂ ခုကို ဩဂုတ်လ ၂၅ ရက်နေ့မှ ထပ်မံဖြည့်စွက်ကြောင်း အာဏာသိမ်း စစ်ကောင်စီက  ကြေညာပါတယ်။

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၁၁ ဟာ လူသတ်ဓားပြမှုကို စီရင်ဖို့ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှု(Genocide)နဲ့ ဘာမှမသက်ဆိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက သုံးသပ်ပါတယ်။

ဘာမှမသက်ဆိုင်တဲ့အကြောင်းအရာနှစ်ခုကို တွဲချိတ်ပြီးဥပဒေပြဋ္ဌာန်းတာဟာ စစ်ကောင်စီက ဥပဒေရဲ့သဘောသဘာဝကို နားမလည်ဘဲ လုပ်ချင်ရာလုပ်နေတာလို့လည်းဆိုပါတယ်။

စစ်ကောင်စီရဲ့လုပ်ဆောင်ချက်ဟာ ပြည်တွင်းကတော်လှန်ရေးဆောင်ရွက်နေတဲ့ PDF တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို သေဒဏ်အထိအပြစ်ပေးနိုင်ဖို့ ဉပဒေတစ်ခုပြဋ္ဌာန်းတာလို့လည်း  ဝန်ကြီးဦးသိန်းဦးက ခန့်မှန်းပါတယ်။ 

လက်နက်ကိုင်တော်လှန်ရေးဆောင်ရွက်နေသူတွေကိုဖမ်းမိရင် စွဲချက်တင်ဖို့ ဥပဒေပြင်ဆင်ခြောက်လှန့်တာလို့လည်းဆိုပါတယ်။

NUG ဥပဒေကျွမ်းကျင်သူ တစ်ယောက်ကတော့ စစ်ကောင်စီက PDF တွေကို ပုဒ်မတပ်ချင်ရင် သေဒဏ်အထိ အပြစ်ပေးလို့ရတဲ့ ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေရှိနေတယ်လို့ ထောက်ပြပါတယ်။

နိုင်ငံတကာတရားရုံးမှာရင်ဆိုင်နေရတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်ချင်တဲ့အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ဆက်စပ်တဲ့ အပိုဒ်ခွဲတွေကို ထပ်ဖြည့်တာလို့ ခန့်မှန်းပါတယ်။

နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိတဲ့ မြန်မာပြည်တွင်းက ရာဇဝတ်ကျင့်ထုံးဥပဒေမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး အရေးတယူပြဋ္ဌာန်းထားတာတွေရှိတယ်ဆိုတာကို စစ်ကောင်စီက နိုင်ငံတကာကို ပြချင်လို့ ခုလို  ဥပဒေမှာ ထပ်ဖြည့်တာလို့လည်း သုံးသပ်မှုတွေ ရှိပါတယ်။ 

နိုင်ငံတကာတရားရုံး ICJ က နိုင်ငံတကာဥပဒေနဲ့ပဲ အမှုကိုကိုင်တွယ်မှာဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အကျိုးရှိလာမှာ မဟုတ်ဘူးလို့  ပြည်ထောင်စုရှေ့နေများနှင့်ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ ဦးကြီးမြင့်က ပြောပါတယ်။

ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ကိုသက်ဆွေဝင်ကတော့  စစ်ကောင်စီဟာ သူတို့ရဲ့ လူမျိုးတုံး သတ်ဖြတ်ခဲ့တဲ့လုပ်ရပ်ကို ကာကွယ်ချင်လို့ ဥပဒေကိုဖြည့်စွက်တာလို့ ဝေဖန်ပါတယ်။ ဥပဒေကို ဘယ်လိုပဲပြင်ပြင် လုပ်ခဲ့တဲ့ပြစ်မှုကတော့ အရေးယူခံရဖို့ပဲရှိတယ်လို့ ဆိုပါတယ်။

၂၀၁၉ နိုဝင်ဘာလမှာ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာကို  နိုင်ငံတကာတရားရုံး (ICJ) မှာ တရားစွဲခဲ့တာပါ။ 

အဲ့ဒီတုန်းက နယ်သာလန်နိုင်ငံ၊ သဟေ့ဂ်မြို့က နိုင်ငံတကာတရားရုံးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက် လျှောက်လဲချက်သွားတင်ခဲ့ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရက စစ်တပ်ကိုယ်စား ထပ်မံခုခံတာတွေမလုပ်တော့ဘဲ နိုင်ငံတကာတရားရုံးရဲ့အဆုံးအဖြတ်ကိုလက်ခံသွားမယ်လို့ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013