
မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၃,၅၀၀ ကျော်၊ ရောဂါကူးစက်ခံရပြီး သေဆုံးသူပေါင်း ၂၇၄ ယောက် ရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၆ ရက်ညမှာ ထုတ်ပြန်ပါတယ်။
ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံ တွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို တော့ မသိနိုင်သေးပါဘူး။
ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၁,၉၃၅ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၃,၅၈၈ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၃၀ ရာခိုင်နှုန်းကျော် ရှိနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၄,၁၄၆ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရက်တည်းသေဆုံးသူအရေအတွက်ကတော့ ၂၇၄ ယောက် ရှိခဲ့ပြီး စုစု ပေါင်း သေဆုံးသူ ၁၁,၂၆၂ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၂၂,၈၃၈ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာ ဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားခဲ့တာပါ။
ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၁ ဦးရှိတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားသလို အစိုးရရုံးတွေ အဆက်တိုက်ပိတ်ထားတဲ့အပြင် နိုင် ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၉၀ ကျော်ကိုလည်း Stay At Home မြို့ နယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။