Home
မြန်မာသတင်း
ကျွန်းလှမြို့နယ်တွင် သီတင်း ၂ ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ၂၈၀ ကျော်ရှိ
DVB
·
August 4, 2021

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ ဇူလိုင်လ ၁၈ ရက်ကနေ ၊ ဩဂုတ်လ ၃ ရက်အထိကာလအတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ ၂၈၁ ဦးရှိပြီး  နေ့စဉ်ရောဂါကူးစက်မှုနှုန်း တစ တစမြင့်မားလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျွန်းလှမြို့မှာ ကိုဗစ်တတိယလှိုင်းကို ဇွန်လ ၂၇ ရက်နေ့က စခဲ့တာဖြစ်ပြီး ဇူလိုင် ၁၈ ရက်အထိ ရောဂါပိုးတွေ့ရှိသူ ၁၂၃ ဦးသာရှိခဲ့ရာက  အခု ဩဂုတ် ၃ ရက်နေ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု စာရင်းအရ  ရောဂါဖြစ်ပွားသူဦးရေ ၄၀၄ ဦးရှိသွားပြီ ဖြစ်ပါတယ်။

“ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုက တစတစတိုးလာတယ်။ ဒီလိုကူးစက်မှုများလာတာက အဝင် အထွက် စစ်ဆေးမှုမလုပ်တာရယ်၊ ကွာရန်တင်းစင်တာ မရှိတာရယ်ကြောင့် ရောဂါပြန့်ပွားမှု များလာတာလို့ထင်တယ်”လို့ ဒေသခံ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကျွန်းလှမြို့မှာ ကိုဗစ်-၁၉ ကုသရေးစင်တာတွေအဖြစ်  ခုတင် ၅၀ ပြည်သူ့ဆေးရုံကြီးအပြင် ပိတောက်မြိုင် အမက ၂ ၊ ပျဥ်းမမြိုင် အလယ်တန်းကျောင်းနဲ့ မြို့တော်ခန်းမတို့မှာ စီမံဆောင်ရွက်ထားတာဖြစ်ပြီး၊ လတ်တလော ကိုဗစ်အတည်ပြု လူနာ ၁၃၇ ဦးကို ကုသပေးနေတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၃ ရက်နေ့အထိ ကျွန်းလှမြို့ ကိုဗစ် စာရင်းအချက်အလက်တွေအရ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၄၀၄ ဦး၊ ဆေးရုံကဆင်းခွင့်ရသူ ၂၆၀ ဦးရှိပြီး သေဆုံးသူ ၇ ဦးရှိသွားပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024