စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာမှာ ဩဂုတ် ၂ ရက်နေ့ ည ၁၁ နာရီ အချိန်လောက်က မိသားစု ၃ ဦး သေနတ်ပစ်ခံရတာကြောင့် နှစ်ဦးသေဆုံးပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်ခတ်ခံရသူတွေဟာ ဇူလိုင်လ ၁၆ ရက်နေ့က အသတ်ခံခဲ့ရတဲ့ ပျူစောထီး ခေါင်းဆောင်ဦးအုန်းမြိုင်ရဲ့ သင်တန်းဆင်း တပည့်တွေဖြစ်ကြပြီး တူမီးသေနတ်တွေ ကိုင်ဆောင်ကာ ကျေးရွာအပေါ် မိုက်ကြေးခွဲနေသူတွေဖြစ်တယ်လို့ ရွာသားတဦးက ပြောပါတယ်။
“စစ်ကောင်စီတပ်တွေ ရွာကိုဝင်စီးတုန်းကလည်း သူတို့သားဖနှစ်ယောက်က နေအိမ်တွေ လိုက်ပြတယ်။ ကျနော်တို့ရွာကို စစ်တပ်ဝင်မွှေတာ ၁၀ ကြိမ်ထက်မနည်းရှိသွားပြီ၊ မွှေတဲ့ အခါတိုင်းလည်း သူတို့ ပါတာပဲ။ စစ်တပ်ဝင်တဲ့အခါတိုင်းလည်း အမဲခြောက်လှန်းထားတာကအစ ရွှေ ငွေ အဆုံး စစ်တပ်က ယူသွားကြလေ့ရှိတယ်”
ပစ်ခတ်ခံရမှုကြောင့် အသက် ၄၀ အရွယ် ဦးဖိုးပြားနဲ့ နဲ့ ၂၄ နှစ်အရွယ် သားဖြစ်သူ ချစ်ဦးသက်တို့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ဦးဖိုးပြားဇနီး မခင်မိုးမြင့်ကတော့ အပြင်းအထန် ဒဏ်ရာရခဲ့ကာ အခြေအနေမသိရသေးဘူးလို့ ဆိုပါတယ်။
ခင်ဦးမြို့နယ်မှာ အမည်မသိအဖွဲ့တခုကနေ ဒလန်၊ ပျူစောထီးလို့ နာမည်ကြီးနေသူတွေကို လိုက်လံရှင်းလင်းနေတာ အခုပစ်သတ်ခံသူတွေအပါအဝင် ၁၆ ဦးရှိပြီလို့ သိရပါတယ်။
လတ်တလောအချိန်အထိ စစ်ကောင်စီတပ်တွေမလာသေးဘူလို့ သိရပြီး ရွာသူရွာသားတွေ ကတော့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။