Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၁၀,၀၀၀ ကျော်အထိရှိလာ
DVB
·
August 2, 2021

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃,၆၈၉ ယောက်၊ သေဆုံးသူ အယောက် ၃၃၀  ရှိပြီး  စုစုပေါင်းကူးစက်ခံရသူ ၃၀၆,၃၅၄ ယောက်နဲ့ သေဆုံးသူပေါင်း ၁၀,၀၆၁ ယောက် ရှိသွားပြီလို့  စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဩဂုတ် ၂  ရက်ညမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံ တွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို တော့ မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာမသိမ်းခင်က ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ ၃၁၀၀ ကျော်လောက်ပဲရှိခဲ့ရာက စစ်တပ်အာဏာသိမ်းပြီးနောက် ၆ လအတွင်း သေဆုံးသူ အယောက် ၁၀၀၀၀ ကျော်အထိ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၂,၃၉၄ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၃,၆၈၉ ယောက် တွေ့ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၃,၉၁၅ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

ဒုတိယလှိုင်းတုန်းက အမြင့်ဆုံးပိုးတွေ့နှုန်းမှာ ၁၉ ရာခိုင်နှုန်းခန့်သာဖြစ်ပြီး တတိယလှိုင်းမှာတော့ ၄၀ ရာခိုင်နှုန်းကျော်ထိ မြင့်တက်ခဲ့ပါတယ်။  လက်ရှိအချိန်မှာလည်း ပိုးတွေ့နှုန်းမှာ ၃၀ ရာခိုင်နှုန်း အထက် ရှိနေဆဲဖြစ်ပါတယ်။ ပိုးတွေ့နှုန်းမြင့်မားနေပေမဲ့ ဓာတ်ခွဲစစ်ဆေးမှုက တစ်ရက်ကို ၁၀၀၀၀ ကျော်လောက်သာ ပြုလုပ်နိုင်လို့ အတည်ပြုလူနာတွေ့ရှိမှုလည်း နည်းပါးနေတဲ့ အခြေအနေဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး    မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၁ ဦးရှိတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားသလို  အစိုးရရုံးတွေ အဆက်တိုက်ပိတ်ထား တဲ့အပြင်  နိုင် ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၉၀ ကျော်ကိုလည်း Stay At Home မြို့ နယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024