တနင်္သာရီတိုင်း ထားဝယ်၊ သရက်ချောင်းနဲ့ လောင်းလုံးမြို့တို့မှာ ပြီးခဲ့တဲ့ စနေ့ကနေစပြီး မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေတွေ မြင့်တက်တာကြောင့် မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအတော်များများမှာ ရေကြီးရေလျှံပြီး မြေပြိုတာတွေ ဖြစ်နေပါတယ်။
ထားဝယ်မြို့ ကျောက်မော်ရပ်ကွက်မှာလည်း မိုးသည်းထန်စွာရွာသွန်းပြီး ပေါက်တိုင်းတံတားက ချောင်းရေမြင့်တက်တာကြောင့် ထားဝယ်-မြိတ် ကားလမ်းပေါ် ရေကျော်နေသလို ရပ်ကွက်တွေထဲမှာ ရေကြီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထားဝယ်မြို့ ပကာရီကျေးရွာမှာလည်း ရေကြီးရေလျှံဖြစ်နေသလို ရဲစခန်းအနီးမှာလည်း မြေပြိုနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ပကာရီရွာမှာ နေထိုင်သူတဦးက ပြောပါတယ်။
“နည်းနည်းချင်း ပြိုကျနေတာ ၅ ရက်လောက်ရှိပြီ၊ အခု မိုးက အရမ်းသည်းတော့ အများကြီး ပြိုဆင်းလာတယ်။ မနေ့ကလည်း အများကြီးပြိုတယ်။ အိမ်နဲ့ဆိုင် တွဲဖွင့်ထားတဲ့ ဆိုင်ကယ်ပြင်ဆိုင်တဆိုင်တော့ ပျက်စီးသွားတယ်၊ အဲမှာရှိတဲ့ လူငယ် ၂ ယောက် ထွက်ပြေးတာမြန်လို့ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ နှစ်စဉ်ရေကြီးတာ၊ ဒါပေမယ် မြေပြိုတာကတော့ မရှိသလောက်ပဲ ဒီနှစ်မှ ပြိုတာ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ရေကြီးနစ်မြုပ်တဲ့ နေအိမ်အချို့က နီးစပ်ရာ ဆွေမျိုးတွေ နေအိမ်မှာ သွားရောက်နေထိုင်ကြတယ်လို့ ဆိုပါတယ်။
သရက်ချောင်းမြို့ ကျွဲခြံရွာမှာလည်း ရေကြီးနေပြီး နေအိမ် ၁၀ လုံးလောက် ရေနစ်မြုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဒီနေ့မနက်အထိ ရေပြန်မကျသေးဘဲ လတ်တလောမှာတော့ နေအိမ်တွေ ပြောင်းရွှေ့ရတာ မရှိသေးဘူးလို့ ဆိုပါတယ်။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အင်းနီရွာမှာလည်း ဇူလိုင် ၂၅ ရက် မွန်းလွဲ ၂ နာရီလောက်က မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် မြေပြိုပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
ဓာတ်ပုံ - ဖေ့စ်ဘွတ်ခ် (ဒေါ်မိုး၊ ထားဝယ်မမခိုင်funny၊ ကျော်မင်းထိုက်)
ကျောက်မော်ရပ်ကွက်၊ ပကာရီကျေးရွာ၊ ကျွဲခြံရွာတို့တွင် ရေကြီးနေသည့်မြင်ကွင်းများ