Home
မြန်မာသတင်း
မြန်မာတွင် တရက်အတွင်း ကိုဗစ်ပိုးတွေ့နှုန်း ၄၀ ရာခိုင်နှုန်းကျော်၊ စုစုပေါင်းကူးစက်ခံရသူ ၂ သိန်း ခွဲကျော်ရှိလာ
DVB
·
July 24, 2021
223792825_1425613604476444_5666911432933267165_n
223673068_1425613624476442_6477968251584056030_n
223655015_1425613657809772_3293635038601349401_n
223407881_1425613651143106_5146474488384778946_n

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၅,၅၀၆ ယောက်ရှိပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၅၈,၈၇၀ ယောက်ထိ ရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူအရေအတွက်ကတော့ ၃၂၆ ယောက် ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၆,၄၅၉ ယောက်ရှိတယ်လို့ ဆိုပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံ တွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

ရန်ကုန်မြို့ သုသာန်လေးခုမှာ ဇူလိုင် ၂၃ ရက်က  မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်း ၁၀၀၀ ဝန်းကျင်ရှိတယ်လို့ အကူအညီပေးနေတဲ့ ပရဟိတသမားတွေက ပြောပါတယ်။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၃,၄၈၇ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၅,၅၀၆ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၄၀ ရာခိုင်နှုန်းကျော် ရှိနေခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး    မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၁ ဦး ရှိတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားသလို  အစိုးရ ရုံးတွေ အခုလကုန်ထိ ဆက်တိုက်ပိတ်ထား တဲ့အပြင်  နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၇၀ ကျော်ကိုလည်း Stay At Home မြို့ နယ်တွေအဖြစ် သတ်မှတ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024