
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့အဝင်ဂိတ်မှာ ဇူလိုင် ၂၂ ရက် ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရ ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိုင်တဲ့ ဂိတ်ကို မနက် ၇ နာရီကျော်လောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကလာရောက်ဖောက်ခွဲခဲ့တာလို့ ဒေသခံတွေကပြော ပါတယ်။
"အသေးစိတ်တော့မသိရသေးဘူး ၄ ယောက်လောက်သေသွားတယ် ကြားတယ်။ ပစ်တာလား ဖောက်ခွဲတာလား သေချာမပြောတတ်ဘူး။ မနက်က ပေါက်ကွဲသံကြားရတယ်။ ခုတော့ လမ်းတွေကို ပိတ်စစ်တာတွေလုပ်နေတယ်''လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ဆေးရုံကုန်း နောက်ပိုင်းမှာတပ်စွဲထားတဲ့ အထိုင်တပ်က လာရောက်ပြီး စစ်ဆေးနေသလို လမ်းသွားလမ်းလာတွေကိုလည်း ပိတ်ဆို့စစ်ဆေးနေပါတယ်။
အဆိုပါ ပေါက်ကွဲ သေဆုံးမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းမထုတ်ပါဘူး။
ကာမိုင်းမြို့မှာ ဇူလိုင်လ ၁၄ ရက်နေ့ကလည်း ဖားကန့်ဘက်ကိုလာတဲ့စစ်ကြောင်းကို ကေအိုင်အေဘက်က ဖုန်းတာဝါတိုင်အနီး ကြားဖြတ်တိုက်ခဲ့လို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါသေးတယ်။