ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မှာ ဇူလိုင် ၂၁ ရက်ကစတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် မြို့တွင်း ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီးပါက ဆိုင်ကယ်သိမ်းမယ့် အပြင် လူကိုပါ ဖမ်းဆီးအရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်နေပါတယ်။
ဘိုကလေးမြို့မှာ ဇူလိုင် ၂၁ ရက်ကစတင်ပြီး မနက် ၄ နာရီမှ မနက် ၁၀ နာရီအထိသာ အိမ်ပြင်ပသို့ သွားခွင့်ပြုထားပြီး သွားလာရာမှာ ဆိုင်ကယ်အား ၂ ယောက် စီးပါက ဆိုင်ကယ်သိမ်းဆည်းကာ လူကိုပါဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်းစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပြောဆိုနေတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
ဘိုကလေးမြို့အတွင်း လူစည်ကားရာ နေရာတွေဖြစ်တဲ့ မြို့မစျေးအနီး ဘောလုံးကွင်း စူပါဘွိုင်းထောင့်နဲ့ တတိယလမ်းမှာ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးတားဆီးနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
"ဆိုင်ကယ်နှစ်ယောက်စီးရင် ဖမ်းမယ်လို့ ပြောတယ်။ ဘယ်လိုတွေလဲမသိဘူး။ ဘောလုံးကွင်းနားမှာဖမ်းနေတယ်။ ဆိုင်ကယ်နှစ်ယောက်စီးလို့ ဖမ်းတယ်ဆိုတာ တစ်ခါမှမကြားဖူးဘူး"။
ဆိုင်ကယ်တားဆီးခံရသူ အမျိုးသမီးတစ်ဦးကလည်း "ဆိုင်ကယ်နဲ့ မြို့ထဲထွက်တုန်း မြို့မစျေးနားမှာ အတားခံရတယ်။ သူတို့ပြောချင်တာကတော့ တစ်အိမ်ကို နှစ်ယောက်မထွက်ဖို့ ပြောတယ်။ ထွက်ရင် လူကိုလည်းဖမ်းမယ်။ ဆိုင်ကယ်လည်းသိမ်းမယ်လို့ ထပ်ခါထပ်ခါ ပြောတယ်။ ယူနီဖောင်းဝတ်တဲ့သူကော အရပ်ဝတ်နဲ့ကော အားလုံးပေါင်း ၁၀ ယောက်လောက်ရှိမယ်" လို့ ပြောပါတယ်။
ဘိုကလေးမြို့မှာ ဇူလိုင် ၁၇ ရက်မှ ဇူလိုင် ၂၅ ရက်နေ့ထိ Stay at Home အိမ်မှာပဲ နေထိုင်ကြဖို့ အမိန့်ထုတ်ပြန်ထားတာပါ။
ဇူလိုင် ၂၁ ရက် မနက် ၄ နာရီ မနက် ၁၀ နာရီထိသာ နေအိမ်ပြင်ပသို့ ထွက်ခွာခွင့်ပြုတဲ့ အကြောင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဇူလိုင် ၂၀ ရက် ညပိုင်းက မြို့တွင်းမှာ အသံချဲ့စက်နဲ့ လိုက်လံအသိပေးခဲ့ ပါတယ်။