
စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ ဇူလိုင် ၁၉ ရက်နေ့က အိမ်မှာပဲကုသနေတဲ့ ကိုဗစ်အတည်ပြုလူနာ ၄ ဦးဟာ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးသွားတယ်လို့ ကိုဗစ်ကုသရေးစင်တာတာဝန်ရှိသူတဦးက ပြောပါတယ်။
“သူတို့က အပြင်ဆေးခန်းမှာ ၇ သောင်းခွဲပေးပြီး ကိုဗစ်စစ်ဆေးကြတာ ကိုဗစ်ဖြစ်တယ်ဆိုတော့ အိမ်မှာပဲ သူတို့အစီအစဉ်နဲ့ ကုသကြတာပေါ့။ အောက်ဆီဂျင် လိုအပ်ပြီဆိုတော့ လူမှုကူညီရေးအသင်းတွေနဲ့ အခြားရတဲ့ဆီက ယူပြီးသုံးကြတယ်။ အပြင်က ရှာမရဘူးဆိုတော့မှ ဆေးရုံကို အောက်ဆီဂျင်အတွက် ပြေးလာကြတယ်။ ဆေးရုံမှာကိုက အောက်ဆီဂျင်လိုအပ်တဲ့ လူနာနဲ့ အောက်ဆီဂျင်ခွဲတမ်းရတာနဲ့ မမျှဘူးဖြစ်နေတော့ အပြင်ကို ပေးလို့မရဘူး၊ မနေ့က အပြင်ကုနေတဲ့ ကိုဗစ်လူနာ ၄ ဦး အောက်ဆီဂျင်ပြတ်ပြီး ဆုံးသွားကြတယ်။”
ရေးဦးမြို့ဆေးရုံအတွက် တရက်ကို အောက်ဆီဂျင်အိုး ၁၇ လုံးနဲ့ ၂၀ ကြားသာ ခွဲတမ်းရကာ မန္တလေးကို လူတစ်ယောက်လွှတ် တန်းစီခိုင်းထားရကြောင်း၊ ကိုဗစ်ကုသရေးစင်တာအတွက် အောက်ဆီဂျင် မလုံလောက်မှုတွေနဲ့ ကြုံနေရပြီး အောက်ဆီဂျင်ရရှိရေး လုံးပန်းနေရတာလို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှု များပြားလာပြီး ကိုဗစ်ကုသရေးစင်တာမှာ လူဦးရေပြည့်နေတဲ့အတွက် ကိုဗစ်စစ်ဆေးမှု အစီအစဉ်ကို ဆေးရုံဆင်းခွင့်ရသူရှိပြီး နေရာလွတ်ရှိပြီဆိုမှ ထပ်ပြီး ကိုဗစ်စစ်ဆေးကာ ရောဂါပိုးတွေ့မှ အစီအစဉ်တိုင်း ကိုဗစ်စင်တာပို့ရကြောင်း၊ တချို့ပိုက်ဆံတတ်နိုင်သူတွေက အလှည့်ကျစစ်ဆေးမှုကိုမစောင့်တော့ဘဲ အပြင်မှာစစ်ပြီး ကိုယ့်အိမ်မှာပဲ ကုသကြတယ်လို့ ပြောပါတယ်။
ရေဦးမြို့မှာ ကိုဗစ်အတည်ပြုလူနာ ၇၀ ဆန့် ကုသရေးစင်တာတစ်ခုနဲ့ လူ ၅၀ ဆံ့ ကုသရေးစင်တာတစ်ခု နှစ်ခုပေါင်း လူ ၁၂၀ သာကုသပေးနိုင်ပေမဲ့ မနေ့က ညနေပိုင်းမှာ အတည်ပြုလူနာ ၁၄၃ ဦးကို ရှိလာလို့ ဖြစ်သလို နေရာစီစဉ်နေရကာ ဆရာဝန် ၇ ဦး၊ ကြက်ခြေနီအသင်းဝင်တွေနဲ့ ဗော်လန်တီယာတွေက မနိုင်မနင်းနဲ့ ကုသရေးလုပ်ငန်းတွေ လုပ်နေရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- အောက်ဆီဂျင်ပြတ်သေဆုံးသူကို မီးသင်္ဂြိုဟ်စက်သို့ သယ်ဆောင်လာစဉ်