Home
ဆောင်းပါး
စစ်အာဏာသိမ်းမှု ဆက်လက်ရှင်သန်နိုင်ဦးမှာလား
DVB
·
July 20, 2021

University of Washington က တွဲဖက်ပါမောက္ခ မာရီပီကော်လာဟန်(Mary P Collahan) ရဲ့ ‘Everyone is dying’: Myanmar on the brink of decimation ဆိုတဲ့ ဆောင်းပါးဖတ်မိတော့ အလိုလိုမှ စိတ်ဆင်းရဲနေရတဲ့ မြန်မာပြည်သူတွေ ပိုလန့်ဖျပ်ကုန်ရပါတယ်။

သူကတော့ ဘယ်သူဘယ်ဝါမဖော်ပြဘဲ မြန်မာနိုင်ငံထဲက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်တာဆိုပြီး မြန်မာနိုင်ငံ ပြည်သူ ၅၅ သန်းထဲက ၅၀ ရာခိုင်နှုန်းဟာ လာမယ့်သုံးပတ်အတွင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ် မျိုးကွဲသစ် အယ်လ်ဖာ ဒါမှမဟုတ် ဒယ်လ်တာ ကူးစက်ခံရမယ်လို့ ဆိုတယ်။

နောက် လူသိများထင်ရှားတဲ့ ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူတစ်ဦးကလည်း ကိုဗစ်ကူးစက်မှုတွေ ရပ်တန့်ပြီးမြောက်သွားတဲ့အခါ လူဦးရေ ၁၀ သန်းကနေ ၁၅ သန်းထိ သေကျေပျက်စီးနိုင်တယ်လို့ အဲဒီဆောင်းပါးထဲမှာ ကိုးကားရေးထားပါတယ်။ ထိတ်လန့်စရာ အရေအတွက်ကြီးပါ။ 

စစ်ကောင်စီရဲ့ညံဖျင်းတဲ့ စီမံခန့်ခွဲမှုကြောင့် ပိုးကူးစက်မှုကတော့ ၅၀ ရာခိုင်နှုန်းမကတောင် ကူးစက်ပြန့်ပွားနိုင်ပေမဲ့ လူ ၁၅ သန်းလောက်ထိ သေကျေပျက်စီးမယ်ဆိုတာက အလွန်အကျွံ သုံးသပ်မှုပဲလို့ မြင်မိပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ကူးစက်သူတိုင်းကို ထိတာနဲ့သေဆိုတာမျိုး အနေအထားမှသာ ဒါမျိုးသုံးသပ်တာကို လက်ခံလို့ရပါတယ်။ အခုကတော့ ဘယ်သူမှန်းမသိရတဲ့ ဒီကျန်းမာရေး ကျွမ်းကျင်သူဟာ တော်လှန်ရေးနဲ့ ကိုဗစ်ကြား စိတ်ဗျာများနေရတဲ့ မြန်မာပြည်သူလူထုကို စိတ်ဓာတ်ရေးရာအရ ‘ရေနစ်သူ ဝါးကူထိုး’လို ဖြစ်စေတာပဲရှိပါတယ်။ စာရေးသူအမြင်အရတော့ အဲဒီကိန်းဂဏန်းက မဖြစ်နိုင်လို့ ယူဆတယ်။ 

ခု ဒီဆောင်းပါးရေးနေချိန် ရက်ပိုင်းအတွင်း ရန်ကုန်မြို့တစ်ခုတည်းမှာတင် ကိုဗစ်နဲ့ဆုံးပါးရသူ နေ့စဉ် တစ်ထောင်ဝန်းကျင် ရှိနေပြီလို့ ပရဟိတ လူမှုကူညီရေးအသင်းတွေရဲ့ ထုတ်ပြန်ချက်တွေကနေ သိရပါတယ်။ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ အခြေခံဆေးဝါး၊ အောက်ဆီဂျင် စတာတွေ လိုအပ်မှုမြင့်မားနေသလို အာဟာရ ပြည့်အောင်စားဖို့ ဆိုတာမှာလည်း မရှိဆင်းရဲသား ပြည်သူအများစု လက်လှမ်းမမီတဲ့ ကုန်းဈေးနှုန်းတွေက ဖြစ်နေပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးလုပ်ငန်း အားလုံးနီးပါး ရပ်တန့်နေတာမို့ အလုပ်လက်မဲ့နှုန်းက ထိုးတက်သွားသလို၊ ဝင်ငွေတွေ ရပ်ဆိုင်းကုန်ပါတယ်။ ကုလသမဂ္ဂက ခန့်မှန်းထားသလို နောက်ခြောက်လဆို မြန်မာနိုင်ငံဟာ အငတ်ဘေး ထပ်ဆိုက်လာနိုင်ပါသေးတယ်။

အာဏာသိမ်းပွဲ မအောင်မြင်နေဆဲ စစ်ကောင်စီကတော့ ခုထိ မလျှော့သေးပါ၊ ဘာတစ်ခုမှ။ ဖမ်းဆီးတာ၊ မဟုတ်မမှန် သတင်းတွေထုတ်ပြန်တာ၊ သတ်ဖြတ်တာ၊ လူထုထိခိုက်စေတဲ့ လုပ်ရပ်တွေကို ထပ်ခါတလဲ ကျူးလွန်တာတွေ တစ်ခုမှ အရှိန်မလျော့သေးပါ။ စစ်ကောင်စီထိပ်ပိုင်းရဲ့ အမိန့်ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာလုပ်ကိုင်နေတာလား၊ ဒါမှမဟုတ် အောက်ခြေက စစ်ဒေသမှူး၊ ဗျူဟာမှူးအဆင့်တွေက ထင်ရာမြင်ရာ စွတ်လုပ်နေတာလားဆိုတာလည်း သေချာမသိရပါ။

ပရဟိတအဖွဲ့အစည်းတွေကို ဟန့်တားဖမ်းဆီးတာ၊ ဆေးဝါးကုသမှုပေးနေတဲ့ ဆရာဝန် သူနာပြုတွေနဲ့ ဆေးအကူအဖွဲ့တွေကို ဖမ်းဆီးတာ၊ အောက်ဆီဂျင် ထုတ်လုပ်ဖြန့်ဖြူးတဲ့ စက်ရုံတွေကို ကန့်သတ်တားဆီးတာတွေကို ပရမ်းပတာ ထင်သလိုလုပ်နေဆဲပါပဲ။ နိုင်ငံတကာမှာလည်း မြန်မာ့အရေးကိစ္စဟာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေမှုနဲ့ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု ပရမ်းပတာနိုင်မှုတွေကြောင့် ဒေသတွင်းနဲ့ ကမ္ဘာကိုပါ ‘ခြိမ်းခြောက်မှု’ဖြစ်လာနေပြီလို့ သုံးသပ်ပြောဆိုနေပါပြီ။ နာမည်ကြီး မြန်မာလူမျိုး ပညာရှင်တစ်ဦးဖြစ်တဲ့ ဦးသန့်မြင့်ဦးကလည်း အဲ့လိုသဘောမျိုး သုံးသပ်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလကတည်းက စစ်ကောင်စီ ခေါင်းဆောင်ကို ခေါ်ယူဆွေးနွေးပြီး ထုတ်ပြန်ခဲ့တဲ့ အာဆီယံ သဘောတူညီချက်က ခုချိန်ထိ မရေမရာဖြစ်နေဆဲပါပဲ။ သံတမန်ရေး ဖိအားပေးမှု အရစ်ကုန်လာတဲ့ အမေရိကန်နဲ့ အနောက်အုပ်စုကလည်း နောက်ဆုံးတော့ ဒီအာဆီယံ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ပဲ တွန်းအားပေးလာပါတယ်။ ပြီးတော့ ဒီစစ်အာဏာသိမ်းပွဲရဲ့ အခါတော်ပေးလို့ ယူဆထားခံရသူ တရုတ်နိုင်ငံကပါ အာဆီယံကို ပြန်တွန်းလာတယ်။ အမေရိကန်နဲ့ တရုတ်ရဲ့ အပြိုင်ဖိအားပေးမှုကို ဘာမှ မယ်မယ်ရရ ခုချိန်ထိ မလုပ်ပြနိုင်သေးတဲ့ အာဆီယံပေါ် ပုံကျလာပါတယ်။

အာဆီယံဟာ စစ်ကောင်စီကို ‘စစ်အာဏာသိမ်းမှုအပေါ် ရှုတ်ချပါတယ်’လို့တောင် မပြောမသုံးနှုန်းပါ။ တစ်နိုင်ငံချင်းစီအနေနဲ့မှာ ရှုတ်ချမှုရှိပေမဲ့ အာဆီယံအဖွဲ့အနေနဲ့ကျ အဲလိုစကားလုံးမျိုးတောင် ပြောမထွက်ပါဘူး။ ဒါနဲ့ ဖိအားမပေးဘဲ စစ်ကောင်စီ ဆွေးနွေးညှိနှိုင်းပြီး ဖျောင်းဖျနိုင်သလား ဆိုတော့လည်း မလုပ်နိုင်ပြန်ပါ။ ၆ လကြာလာပြီဖြစ်တဲ့ မြန်မာစစ်အာဏာသိမ်းမှုအပေါ် အရေးယူကိုင်တွယ် ဆောင်ရွက်ပုံနဲ့ ပတ်သက်ရင် ကုလသမဂ္ဂနဲ့ သူ့စနစ်ဟာ အတော့်ကို အဝေဖန်ခံရသလို စိတ်ပျက်ဖွယ်ရာ ဖြစ်လာပါတယ်။ ကုလသမဂ္ဂက တာဝန်ရှိသူတွေကိုယ်တိုင်ပါ မြန်မာ့အရေးအပေါ် ထိရောက်တဲ့ ဆုံးဖြတ်ချက်မချနိုင်မှုကို မချင့်မရဲဖြစ် ထုတ်ပြောလာကြရပါတယ်။ 

တစ်ဘက်မှာ အာဏာသိမ်း မြန်မာစစ်တပ်ဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းဆိုတာကို ထီမထင်ပုံစံ ဖြစ်လာပါတယ်။ အရိုအသေ တန်လောက်စရာလည်း ဖြစ်နေတာပါပါတယ်။ စာရေးသူ လေ့လာမြင်မိသလောက်ဆိုရရင် စစ်ကောင်စီဟာ နိုင်ငံတကာမှာ လူရာဝင်လာဖို့အပေါ် သိပ်အာရုံထားတော့ပုံ မရပါဘူး။ သူတို့ကိုယ်သူတို့လည်း လူရာဝင်မှု ‘တရားဝင်မှု(legitimacy)’ မရနိုင်တာကို သိနေပုံပါ။ အစပိုင်းတုန်းကသာ အစ္စရေးလော်ဘီနဲ့အတူ သူတို့ ကြိုးစားကြည့်ပါသေးတယ်။ အခုဆို အားလုံးသိကြပြီးတဲ့အတိုင်း စစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေးကောင်းတဲ့ အစ္စရေးလော်ဘီဟာ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် သူ့ကိုငွေပေးချေဖို့ မဖြစ်နိုင်တာကြောင့်ဆိုပြီး တပ်ခေါက်သွားခဲ့ပါပြီ။ အမှန်တော့ စစ်ကောင်စီကိုယ်တိုင်က နိုင်ငံတကာ လူရာဝင်မှုရဖို့ အားမစိုက်တော့တာလည်း ဖြစ်နိုင်ပါတယ်။ အတင်းအဓမ္မ အုပ်ချုပ်သွားဖို့နဲ့ သူတို့စစ်တပ် အသက်ဆက် ရှင်သန်ရေးကိုသာ စဉ်းစားသွားပုံရပါတယ်။ 

ဒါကြောင့် မြန်မာ့ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့(အထူးသဖြင့် မြောက်ပိုင်းအဖွဲ့တွေနဲ့) ပလဲနံပသင့်တဲ့ တရုတ်နဲ့ ဆက်ဆံရေးကိုထိန်းထားပြီး စစ်တပ်အတွက် လက်နက်၊ နည်းပညာ၊ အရင်းအမြစ်တွေ ပံ့ပိုးနိုင်မယ့် ရုရှားကို နီးနီးကပ်ကပ် ပိုဆက်ဆံလာပါတယ်။ ပြီးတော့ အာဆီယံထဲက စစ်ကောင်စီနဲ့ သန္ဓေတူ၊ စရိုက်တူ နိုင်ငံတွေနဲ့ ပေါင်းသင်းဖို့ပြင်ဆင်လာတယ်။ စစ်ကောင်စီနဲ့ စစ်တပ်လည်ပတ်ဖို့လောက် လိုအပ်မယ့် အရင်းအမြစ်တွေကို ဖြည့်ဆည်းနိုင်ဖို့ပဲလုပ်မယ်။ ပြည်သူဘက်ကိုတော့ ထုံးစံအတိုင်း ဖိနှိပ်မယ်၊ ပစ်ထားမယ်၊ သူတို့ တစ်ရက်ရှင်သန်ရင် တစ်ရက် အမြတ်ထွက်တယ်ဆိုတဲ့ မူကိုနှလုံးသွင်းရင်း မိုက်တွင်းဆက်နက်မယ့် အရိပ်လက္ခဏာ ပြလာပါပြီ။ 

ဒါဆိုရင်ရော စစ်ကောင်စီနဲ့ စစ်အာဏာသိမ်းမှုက ဆက်လက်ရှင်သန်ပြီး နိုင်ငံကိုအုပ်စီးနိုင်မှာလားဆိုတဲ့ မေးခွန်းက ပေါ်လာတယ်။ အခုက ၂၁ ရာစုခေတ်ပါ။ ၁၉၆၂ ခုနှစ်လို၊ ၁၉၈၈ လိုကာလမျိုး မဟုတ်တော့ပါ။ အထူးသဖြင့် ဒီဘက်ခေတ်မှာ စစ်အာဏာသိမ်းပြီး နိုင်ငံကိုအုပ်စိုးတဲ့ဓလေ့က ပျောက်သလောက်ဖြစ်နေပါပြီ။ ရှိတယ်ဆိုလည်း အောင်အောင်မြင်မြင် မရှိတော့ပါဘူး။ မြန်မာစစ်ကောင်စီ ခေါင်းဆောင်ဟာ ထိုင်းကို အားကျပုံ ရပါတယ်။ ထိုင်းနဲ့ မြန်မာနဲ့ကြား အဆက်အစပ် မတူညီတာတွေကို သူ ထည့်စဉ်းစားပုံ မရပါဘူး။ 

မြန်မာနိုင်ငံဟာ ၂၀၁၅-၂၀ အန်အယ်လ်ဒီ အရပ်သား အစိုးရကာလအတွင်း ဒီမိုကရေစီ ဆက်လက်ရှင်သန်ရေးအပြင်၊ တစ်ဘက်မှာ မပြီးသေးတဲ့ ပန်းချီကားလိုဖြစ်နေတဲ့ nation-building လုပ်ငန်းစဉ် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ခေါ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လုပ်နေရတာ ဖြစ်ပါတယ်။ ထိုင်းမှာ မြန်မာလို ကွဲပြားစုံလင်တဲ့ nation-building ပြဿနာမရှိပါ။ ဆိုလိုတာ ရေခံမြေခံ အဆက်အစပ်ကို မတူပါဘူး။ နောက် သူ အားကိုးတဲ့ တရုတ်နိုင်ငံကိုယ်တိုင်က ၁၉၉၀ တရုတ် မဟုတ်တော့ပါ၊ ဆူပါပါဝါဖြစ်ဖို့ တာဆူရင်း ကမ္ဘာမှာ လူရာဝင်ချင်နေတဲ့ သူ့အတိတ်တုန်းက ဂုဏ်ရောင်တွေကို ပြန်လည်ဖော်ထုတ် မော်ကြွားချင်နေတဲ့ စီးပွားရေး အင်အားကြီး တရုတ်ဖြစ်နေပါပြီ။ စစ်ကောင်စီထက် သူ့အကျိုးစီးပွားတွေက အဓိကသာ ဖြစ်ပါတယ်။ 

ချုပ်ပြောရရင် မြန်မာပြည်သူတွေဘက်ကတော့ လုံးဝရှင်းလင်းပါတယ်။ စစ်တပ်ကို ‘လုံးဝ အုပ်ချုပ်လို့ မရစေရ’ဆိုတာမျိုးနဲ့ တွန်းလှန်တုံ့ပြန်နေဆဲပါ။ တစ်ဘက်မှာ ကိုဗစ်ဗိုင်းရပ်စ်နဲ့ နပန်းလုံးနေကြရင်းတောင်မှ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တွေကို ရရင်ရသလိုလုပ် ဆန့်ကျင်ပါတယ်၊ အခွန်တွေကို အများစု မဆောင်ပါဘူး၊ စီဒီအမ်လှုပ်ရှားမှု ရပ်တန့်မသွားသေးပါဘူး၊ ပြည်သူချင်းကြား အပြန်အလှန် ဖေးမကူညီရင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားကို လည်ပတ်မရအောင် ထောက်ထားနေနိုင်ဆဲ ဖြစ်ပါတယ်။

ပြည်သူဟာ တာဝန်ကျေပါတယ်။ တော်လှန်ရေးဦးဆောင်မှု အိမ်ဦးခန်းက ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေသာ တာဝန်ကျေဖို့ လိုပါတော့တယ်။ စစ်ကောင်စီလည်း သူ့တပ်တွင်းမှာပါ ကိုဗစ်ကူးစက်မှုတွေ ဖြစ်နေနိုင်တာမို့ အမှန်တော့ အရူးမီးဝိုင်းသလို ဖြစ်နေပါပြီ။ ဒါကို ကျကျနနထောက်ပြီး အန်ယူဂျီလို တော်လှန်ရေး ဦးဆောင်မှုအပိုင်းက အစိုးရလိုက မဟာဗျူဟာကျကျ ကစားဖို့၊ ထိုးနှက်ချပစ်ဖို့ လိုအပ်ပါတယ်။ အတော်များများ ပြောနေကြသလို လာမယ့်စက်တင်ဘာကျရင် ကုလသမဂ္ဂမှာ legitimacy အရ အန်ယူဂျီကို အသိအမှတ်ပြုခံရတောင် စစ်ကောင်စီက သူ ဘယ်လိုခရီးဆက်မယ့် မဟာဗျူဟာကို ခုကတည်းက ရွေးချယ်စထားတာမို့ ဒီကာလအတွင်း အန်ယူဂျီဘာလုပ်မလဲက သိပ်အရေးပါလာပါတယ်။ လက်ရှိပုံစံအရတော့ စစ်ကောင်စီဟာ အမှောင်ထုထဲကို ပိုတိုးရင်းတိုးရင်း ခလုတ်တိုက် မှောက်လျက်လဲတော့မယ့် အနေအထားတော့ ဖြစ်နေပြီလို့ စာရေးသူရဲ့ တသီးပုဂ္ဂလအမြင်အရ သုံးသပ်မိပါကြောင်း……။

ထူးကျော်ဝင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024