ဝါရင့်အဆိုတော် ကော်နီ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရ

Photo : Connie's Facebook)

ဝါရင့်အမျိုးသမီး အဆိုတော်တယောက်ဖြစ်တဲ့ ကော်နီဟာ ကိုဗစ်-၁၉ ရောဂါကူး စက်ခံထားရတာ ၂ ပတ်နီးပါးလောက် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

“ကိုဗစ် ပထမလှိုင်း ဒုတိယလှိုင်းကို သွားသွားလာလာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပေမယ့် တံခါးပေါက်တောင် မရပ်ရတဲ့ ကျမ အိမ်ထဲမှာနေရင်းနဲ့ဘဲ တတိယလှိုင်းကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ်။ ဒီနေ့ဆိုရင် ၁၃ ရက်မြောက်ခဲ့ပါပြီ”

ရောဂါကူးစက်ခံရကြောင်းကိုလည်း အစက သတိမထားမိခဲ့ပဲ အနံ့မရတော့မှ သတိထားမိခဲ့ကာ အိမ်ထဲမှာပဲ အိမ်သားတွေနဲ့ခွဲပြီး ကွာရန်တင်းဝင်ခဲ့ရကြောင်း ကော်နီက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကဆင့် ရေးသားထားခဲ့ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရရင်လည်း အားမလျှော့ကြဖို့နဲ့ စိတ်ဓာတ်ကြံ့ခိုင်ဖို့ကလည်း အရေးကြီးကြောင်း မျှဝေထားခဲ့တာ ဖြစ်ပါတယ်။

“ပြောချင်တာက ကိုယ်ခံအားကောင်းနေဖို့ အရေးကြီးတာရယ် အိပ်ရေးလုံးဝမပျက်စေဖို့ အလွန်အရေးကြီးပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်ဖို့က အလွန်အရေးကြီးပါတယ်။ ကိုဗစ်နဲ့တော့ ငါ အသေမခံဘူးဆိုတဲ့စိတ်ကို ထည့်ထားပါတယ်။ စိတ်ပူပင်မှုတွေ စိုးထိတ်မှုတွေက ကိုယ်ခံအားကို မသိမသာလေး လျော့နေစေနိုင်တယ်လို့ထင်ပါတယ်။ အခုတော့ အားဆေေးတွေ လှိမ့်သောက် အစာကိုမစားချင်လည်းလှိမ့်စားနေပါတယ်။”

အသက် ၅၆ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တေးသံရှင် ကော်နီဟာ ၁၉၈၀ ပြည့်လွန်နှစ်များဆီကတည်းက လက်ရှိအချိန်ထိတိုင်အောင် တေးသီချင်းတွေများစွာကို သီဆို အောင်မြင်နေဆဲ အဆိုတော်တယောက်ဖြစ်ပါတယ်။ 

သူဟာ New Wave တေးဂီတအဖွဲ့မှာ နောက်ခံအဆိုရှင်အနေနဲ့ ဂီတအနုပညာ လမ်းကြောင်းကို စတင်ခဲ့တာဖြစ်ပြီး ၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ ပထမဆုံးတေး အယ်လ်ဘမ်-“တာဇံ”၊ နောက်ထပ်ထွက်ရှိလာခဲ့တဲ့ “နင်ဂျာ” တေးအယ်လ်ဘမ်တွေကတော့ သူ့ကို ကော်နီအနေနဲ့ အောင်မြင်စေခဲ့တဲ့ မှတ်တိုင်တွေ ဖြစ်ခဲ့ပါတယ်။ 

အဲဒီနောက် ဆယ်စုနှစ်များစွာတိုင် သီချင်းပေါင်းများစွာကို သီဆိုအောင်မြင်ခဲ့သလို ၂၀၁၉ ခုနှစ်ဆန်းက ထွက်ရှိခဲ့တဲ့ နာမည်ကြီး “ဆေး”သီချင်းနဲ့အတူ တကျော့ပြန် အောင်မြင်မှုတွေ ရရှိခဲ့သလို ပြီးခဲ့တဲ့ ဧပြီလတုန်းက ကိုဗစ်လော့ခ်ဒေါင်းကာလ “အိမ်မှာ နေချင်တာပေါ့” သီချင်းနဲ့လည်း ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ကော်နီက ရောဂါကူးစက်ခံထားရချိန်အတွင်း ဆောင်ရန်ရှောင်ရန်တွေကိုပါ ပရိသတ်တွေအတွက် မျှဝေထားခဲ့ပြီး ဆုတောင်းမေတ္တာပို့ပေးခဲ့တာကို တွေ့ရ ပါတယ်။

“ရောဂါအခံရှိသူများ အခုထဲက စိတ်ရောလူပါ ကျန်းမာအောင်နေကြပါ။ တကိုယ်ရေ သန့်ရှင်းမှုရှိပါ။ အိမ်တွင်းအိမ်ပြင်သန့်ရှင်းမှု အထူးဂရုစိုက်ကြပါ။ အားရှိစာတွေဆိုတာ အသားမှ မဟုတ်ပါဘူးနော်။ မကော်က ခြေလေးချောင်းသား မစားပါဘူးနော်။ အသီးအနှံ အစရှိသဖြင့် အားရှိအောင် စားမယ်။ နေထိုင်နည်း ဗဟုသုတလေးတွေ ရှာဖွေလေ့လာမယ်။ အားတဲ့အချိန် ဘုရားရှိခိုး တရားထိုင်မယ်။ မေတ္တာပို့ပါတယ်။ ကျမချစ်တဲ့ ပြည်သူလူထု အတွက် နေ့စဉ်မေတ္တာပို့ ဆုတောင်းနေလျက်ပါ။ နေကောင်းအောင်နေကြပါ ချစ်ရသူတို့။ ပြည်သူအချင်းချင်း ကူညီရိုင်းပင်းကြရမယ့်အချိန်ပါ။ Fighting ပါ 😇💪🏻”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up