
အာဏာသိမ်းစစ်ကောင်စီက ကိုဗစ်ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ပြည်တွင်းပြည်ပ အလှူရှင်တွေဆီကနေ အလှူငွေကောက်ခံနေရာမှာ ဇူလိုင် ၁၂ ရက်မှ ၁၆ ရက်နေ့အထိ အလှူရှင်တစ်ဦးတည်းဆီက ငွေကျပ် ၁ သိန်းရရှိထားတယ်လို့ စစ်ကောင်စီ သတင်းစာတွေမှာ ထုတ်ပြန်ထားပါတယ်။
ကိုဗစ်ကာကွယ်ဆေးဝယ်ဖို့ ငွေလှူဒါန်းတဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ်ကတော့ ဆိတ်ဖြူမြို့က ဒေါ်ပြန့်ဆိုတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။
အန်အယ်လ်ဒီ အစိုးရလက်ထက်မှာတုန်းက ဝယ်ယူသုံးစွဲခဲ့ခြင်းမရှိတဲ့ တရုတ်နိုင်ငံထုတ် sinovac ကိုဗစ်ကာကွယ်ဆေးကို အာဏာသိမ်းစစ်ကောင်စီက အမေရိကန်ဒေါ်သာ ၁၀ သန်းခွဲဖိုး မှာ ယူထားပါတယ်။
အဲဒီဆေးဝယ်ယူဖို့အတွက် ပထမအရစ်ကြိုတင်ပေးချေငွေ အမေရိကန်ဒေါ်လာ ၇ သန်းပေးရမှာဖြစ်ပြီး ဒုတိယအရစ်ကြိုတင်ပေးသွင်းငွေအတွက် အမေရိကန်ဒေါ်လာ ၃ သန်းခွဲပေးချေးရမှာပါ။
အခုသုံးစွဲခဲ့တဲ့ငွေကြေးတွေက အန်အယ်လ်ဒီ အစိုးရလက်ထက်က မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) မှာ ဖွင့်လှစ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေထဲကနေ သုံးစွဲခဲ့တာပါ။
အရပ်သားအစိုးရလက်ထက်က မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေအဖြစ် နိုင်ငံတော်ကနေ မတည်ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၂၅၀ နဲ့ ကျပ်သန်း ၁၀၀၀ စတင်ထည့်ဝင် ပြီးထူထောင်ခဲ့တာပါ။
လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီက အဲဒီရန်ပုံငွေတွေထဲကနေ ကိုဗစ်ကာကွယ်ဆေးတွေ ဝယ်ယူသုံးစွဲနေပြီး လက်ကျန်ငွေ အမေရိကန်ဒေါ်လာ ၁၆၇ သန်းကျော် ကျန်ရှိနေသေးတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။