
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ကို ဇူလိုင် ၁၂ ရက်နေ့ညပိုင်းက Stay at Home ထုတ်ပြန်ခဲ့ပြီးနောက် ဒီကနေ့မနက်စတင်ကာ မြို့အဝင်အထွက်ဂိတ်ကို သံဆူးကြိုးတွေချပြီး လုံးဝပိတ်ထားလိုက်တယ်လို့ သိရပါတယ်။
မြို့အဝင်အထွက်ဂိတ်ကို ရဲနဲ့ စစ်တပ်က သံဆူးကြိုးတွေနဲ့ တားထားပြီး တခြားမြို့ကလာတဲ့ သူတွေကို ဝင်ခွင့်မပေးတော့သလို မြို့ထဲက လူတွေကိုလည်း ပေးမထွက်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “လိုအပ်တာဝယ်ဖို့ မြို့ထဲကဆိုင်တွေကလည်း မဖွင့်တော့ဘူး၊ တခြားမြို့ သွားဝယ်ဖို့လုပ်တော့ မြို့ထွက်မှာ ပိတ်ထားတယ်။ ဆေးဆိုင်တွေလည်း ဆေးကုန်နေလို့ ပိတ်တာ၊ ဖျားလို့ပိတ်တာတွေနဲ့ ဆိုတော့ အဓိက ဆေးဝယ်ဖို့ ပြဿနာဖြစ်နေတယ်” လို့ ပြောပါတယ်။
Stay at Home သတ်မှတ်လိုက်လို့ ကန်ကြီးထောင့်မြို့ထဲက ဆေးဆိုင်အချို့ ပိတ်ထားသလို တချို့ကတော့ ဆိုင်ရှင်တွေ ကိုယ်တိုင်ဖျားနာလို့ ပိတ်ထားတဲ့အတွက် တခြားမြို့မှာ လိုအပ်တဲ့ဆေးဝယ်ဖို့ သွားရာမှာ ဂိတ်ပိတ်ထားတာကြောင့် အခက်အခဲ ဖြစ်နေရတယ်လို့ ဆိုပါတယ်။
ကိုဗစ်တတိယလှိုင်းအတွင်း ကန်ကြီးထောင့်မြို့မှာ ဇူလိုင် ၁ ရက်နေ့ကစတင်ကာ ဒီနေ့အထိ ကိုဗစ်အတည်ပြုလူနာ ၃၀၀ ကျော်ထိ တွေ့ရှိထားသလို ဘုန်းကြီး ၁ ပါးအပါဝင် ၅ ဦး သေဆုံးထားတယ်လို့ သိရပါတယ်။