
မကွေးတိုင်း၊ မင်းဘူးမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ အသက် ၇၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဇူလိုင် ၈ ရက် မနေ့ မနက်ပိုင်းက သေဆုံးသွားပါတယ်။
သေဆုံးသူအမျိုးသမီးဟာ မင်းဘူးမြို့၊ အမှတ် ၂ ရပ်ကွက်နေသူဖြစ်ပြီး ဇူလိုင် ၇ ရက်နေ့ နေ့လယ်က မင်းဘူးခရိုင်ပြည်သူ့ဆေးရုံမှာ ဆေးစစ်ရာက ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ခရိုင်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်မှာ ဆေးကုသမှုခံယူရင်း လူနာရဲ့ရောဂါအခံကြောင့် သေဆုံးသွားတာလို့ ခရိုင်ပြည်သူ့ဆေးရုံ တာဝန်ရှိသူတစ်ဦးက ပြောတယ်။
မင်းဘူးမြို့မှာ ဇူလိုင်လ ၈ ရက် မနက်အထိ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၄၅ ဦးတွေ့ရှိထားပြီး ကိုဗစ်-၁၉ တတိယလှိုင်းမှာ မင်းဘူးမြို့နယ်အတွင်း ပိုးတွေ့အတည်ပြုလူနာ ပထမဆုံး သေဆုံးတာလို့ သိရပါတယ်။