
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတွေ ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၆ ရက်အထိ တစ်ပတ်အတွင်း နေ့စဉ်လိုလို သေဆုံးနေပါတယ်။
ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးသူတွေဟာ အသက် ၅၀ နှစ်နဲ့ အထက် သက်ကြီးသူတွေ အများစုဖြစ်ပြီး အသက်ရှူလမ်းကြောင်းကနေ ဗိုင်းရပ်စ်ကူးစက်ခံရလို့ သေဆုံးကြတာဖြစ်ပါတယ်။
မြဝတီမြို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့ အတည်ပြုလူနာ တစ်ရက်ကို အယောက် ၁၀၀ အထက်ရှိနေပါတယ်။
ကိုဗစ်ကူးစက်ခံရတဲ့ လူနာတွေကို မြဝတီမြို့ အမှတ်(၄)ရပ်ကွက်၊ ကျောက်လုံးကြီး ကြိုဆိုရေးစခန်းနဲ့ မဲကနယ်မြို့သစ်မှာ ထားရှိပါတယ်။ လူနာထားရှိတဲ့ စခန်းမှာ ကိုဗစ်ကူးစက်ခံရသူကို ပိုးစစ်ဆေးစရိတ်နှစ်ကြိမ်ကို ကျပ် ၂၀၀၀၀ နဲ့ တစ်ရက်စာ စရိတ် ကျပ် ၃၅၀၀ ၊ ၁၀ ရက်စာ ကုန်ကျစရိတ် ကျပ် ၅၅၀၀၀ ပေးဆောင်ရမှာပါ။
ဒါကြောင့် တချို့အလုပ်လက်မဲ့ ပြည်သူတွေအနေနဲ့ ရောဂါ ကူးစက်ခံရရင် ငွေကြေးကုန်ကျစရိတ် ပေးနိုင်ဖို့ အခက်ခဲများစွာကြုံတွေ့နေရတယ်လို့ မြဝတီမြို့ဒေသခံက ပြောပါတယ်။
မြဝတီမှာ ကိုဗစ်ကူးစက်မှုမြင့်တက်နေတာကြောင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှာလည်း အခက်ခဲရှိနေပြီး မြဝတီမြို့တွင်းမှာ ထိုင်းစားသုံးကုန်တွေနဲ့ အိမ်သုံးပစ္စည်းတွေလည်း စျေးမြင့်တက်နေပါတယ်။
မြဝတီတဘက်ကမ်း ထိုင်းနိုင်ငံ၊ တာခ်ရိုင်၊ မဲဆောက်မြို့မှာလည်း ကိုဗစ်ကူးစက်ခံရသူ ပိုများလာတဲ့အတွက် ဆေးရုံနဲ့ ကွင်းဆေးရုံတွေကို တိုးချဲ့လုပ်ဆောင်နေပါတယ်။