ဂျပန်သတင်းထောက်ကို လုပ်ကြံသတင်းဖြန့်ချိမှုဖြင့် အကြမ်းဖက်စစ်အုပ်စုက စွဲချက်တင်

Japanese journalist Yuki Kitazumi. Photo : Kyodo/via REUTERS

ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခံထားရတဲ့ ဂျပန်သတင်းထောက် ယူကီခိတဇုမိကို အကြမ်းဖက်စစ်ကောင်စီက လုပ်ကြံသတင်း ဖြန့်ချိမှုနဲ့ စွဲချက်တင်လိုက်တယ်လို့ ရန်ကုန်အခြေစိုက် ဂျပန်သံရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

မစ္စတာ ယူကီခိတဇုမိဟာ စစ်အာဏာသိမ်းပြီးစကာလ ဖေဖော်ဝါရီလတုန်းက သတင်းရယူနေချိန်မှာ အကြမ်းဖက်စစ်အုပ်စုက ပထမအကြိမ် ရိုက်နှက်ဖမ်းဆီးခံခဲ့ရပေမယ့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ဧပြီလထဲမှာ နောက်တကြိမ် ထပ်မံဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူ့ကို အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်တယ်လို့ဆိုပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ စွပ်စွဲခံရတဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ပေးတာမျိုး မရှိဘူးလို့လည်း အမည်မဖော်လိုတဲ့ ဂျပန်သံရုံး အရာရှိတဦးက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။

မစ္စတာခိတဇုမိဟာ  ၂၀၀၁ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ နစ်ကေးသတင်းဌာနမှာ အလုပ်လုပ်ကိုင်ခဲ့ပြီး ရန်ကုန်မှာ နေထိုင်နေကာ  Yangon Henshu Production  မီဒီယာ လုပ်ငန်းကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်၊

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ မှတ်တမ်းတွေအရ မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလ ၃ လကျော်ကြာခဲ့ချိန်မှာ အပြစ်မဲ့ပြည်သူ ၇၆၆ ဦး သေဆုံးခဲ့ပြီးဖြစ်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူပေါင်း ၃၆၀၀ ကျော် ထိန်းသိမ်းခံထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up