DVB Logo
Home
နိုင်ငံရေး
မအလတပ်ရဲ့သရုပ်သကန် (ဆောင်းပါး)
DVB
·
April 28, 2021
မအလတပ်ရဲ့သရုပ်သကန် (ဆောင်းပါး)
Donate to DVB

စာမရေးဖြစ်တာ ကြာပါပြီ၊ ဒီကာလအတွင်း စိတ်မကောင်းဖြစ်ရ၊ ဒေါသထွက်ရ၊ ဝမ်းနည်းရ၊ မျက်ရည်လည်ဖြစ်ရတာတွေ၊ သူရဲကောင်းစိတ်ဓာတ်တွေ့မြင်ရတာ၊ စွန့်လွှတ်အနစ်နာခံကြတာ၊ ဘဝတွေအပျက်ခံပြီး ကြံ့ကြံ့ခံရပ်တည်နေကြတာတွေကို အမျိုးစုံအောင် တွေ့မြင်နေပြီး စိတ်နဲ့လူနဲ့ မကပ်နိုင်အောင်ဖြစ်နေခဲ့ရတာပါ။ နိုင်ငံသားတွေမှ ဟိုအစည်းအဝေးမျှော်ရ၊ ဟိုနိုင်ငံက ပြောတာကို မျှော်လိုက်ရ၊ ယူအန်ကို မျှော်လိုက်ရနဲ့ လည်ပင်းတွေလည်း ရှည်ခဲ့ရပြီ၊ အခု အာဆီယံ အစည်းအဝေးအပြီးမှာတော့ လမ်းကြောင်းတစ်ခုက ပိုပြီး ထင်ရှားလာခဲ့ပြီလို့ ဆိုမှာပါ။

အခု သုံးလတာ ကာလအတွင်း အခြေအနေကို လေ့လာသုံးသပ်ရမယ်ဆိုရင်   နိုင်ငံအများစုက ဗမာစစ်တပ်ရဲ့ အတွင်းသဘောသရုပ်သကန်ကို နားမလည်ကြသေးဘူးဆိုတာ ပြဆိုနေပါတယ်။ နိုင်ငံတကာ နိုင်ငံရေး စစ်ရေးလေ့လာသူတွေကလည်း ရွေးကောက်ပွဲမတိုင်ခင်က မြန်မာနိုင်ငံက လေ့လာသုံးသပ်သူ ဆရာများလိုပဲ တက်တက်စင်လွဲချော်နေတာတွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ နှစ်များစွာနေထိုင်သုတေသနပြုတယ်ဆိုတဲ့ မေရီကလဟန် (Mary Callahan) က တလွဲသုံးသပ်သလို ယခင်စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်းဂျော့ယိုး George Yeo ကလည်း မြန်မာမှာ ဒီစစ်တပ်မရှိရင် မဖြစ်ဘူးဆိုတာမျိုး ပြောနေတာပါ။ စစ်ရေးလေ့လာသူဆိုတဲ့ အန်သိုနီဒေးဗစ် Anthony Davis နဲ့ စင်ကာပူက ပညာရှင် ဘယ်လာဟာရီကော့ဆီကင်း ဆိုသူ အားလုံးကလည်း အဲသလိုအမြင်အယူအတွေ ထုတ်လွှတ်နေကြတာဖြစ်ပါတယ်။

သူတို့အနေနဲ့ မြန်မာပြည်အကြောင်း လေ့လာတာ အတော်ပဲ မလုံမလောက်ဖြစ်နေတာကို ဖော်ပြနေတာပါ။ မြန်မာစစ်တပ်ခံယူထားတဲ့ အတွေးအခေါ် ဇစ်မြစ်၊ စစ်ပညာရယူလာတဲ့ ဇစ်မြစ်တွေကို မေ့နေပုံရပါတယ်။ နေပြည်တော်မှာ အရုပ်ကြီး သုံးရုပ်လုပ်ထားတာ အလကား မဟုတ်ပါဘူး။ အဲဒီသုံးရုပ်ထဲက သူတို့ အလေးထားဆုံးက အလောင်းဘုရားရုပ်တုပါ။ အရင်က တပ်အရာရှိတွေထဲမှာ ဆရာညိုမြရဲ့ ကုန်းဘောင်ရှာပုံတော်ဆိုတဲ့ စာအုပ်ကို ဖတ်ကြဖို့ အပြန်အလှန်တိုက်တွန်းခဲ့ကြတာ ဖြစ်တယ်။

ဒီနေရာမှာ အလောင်းဘုရားမင်းဆက် (အဓိက အားဖြင့်တော့ အလောင်းဘုရား၊ ဆင်ဖြူရှင်နဲ့ ဘိုးတော်ဘုရား မင်းသုံးပါး)ရဲ့ နိုင်ငံထူထောင်ခဲ့ပုံထက် ဘယ်လိုထူထောင်ခဲ့သလဲ၊ ဘယ်လိုစိတ်ဓာတ်နဲ့ ထူထောင်ခဲ့သလဲဆိုတာကို ပြောလိုတာ ဖြစ်တယ်။ အလောင်းဘုရားမင်းဆက် (အဲဒီသုံးပါး) ဟာ အင်အားအလွန်အကျွံသုံးစွဲပြီး အလွန်ရက်စက်ကြမ်းကြုတ်တဲ့နည်းနဲ့ နိုင်ငံထူထောင်ခဲ့ကြတာ ဖြစ်တယ်။

ဟံသာဝတီကို သိမ်းတော့ မွန်မင်းနဲ့ နောက်လိုက်နောက်ပါ ၂၀၀၀ ကို ဖမ်းမိပြီးမှ သွေးအေးအေးနဲ့ သတ်ပစ်ခဲ့တာ ဖြစ်တယ်။ ယိုးဒယားကို သိမ်းတော့လည်း အလားတူပါပဲ။ လိုတာထက် ပိုတဲ့သွေးဆာတဲ့ လုပ်ရပ်မျိုး သိမ်းပိုက်ခဲ့တာဖြစ်တယ်။ ဒီသမိုင်းတွေက အားလုံး သိပြီးသားတွေပဲ ဖြစ်တယ်။ သိပ်မသိကြတာက စစ်ပွဲတစ်ပွဲတိုက်ရင် (အထူးသဖြင့် ဟံသာဝတီ၊ ယိုးဒယား စတဲ့ချမ်းသာတဲ့ နေရာတွေကိုတိုက်ရင်) သူတို့ တပ်သားတွေကို ကိုယ်ရကိုယ်ယူစနစ်နဲ့ တိုက်ခိုက်စေတာ ဖြစ်တယ်။ အောက်ဆုံးရဲဘော်ကအစ ရသမျှအိပ်ထဲထည့်နိုင်တာ ဖြစ်တဲ့အတွက် သေသေကျေကျေတိုက်ခိုက်ကြတာ ဖြစ်တယ်။

ဗမာစစ်တပ်ရဲ့ တိုင်းရင်းသားဒေသတွေမှာ ဖိုခုံလောက်ကအစ၊ ဘုရားစင်ပေါ်က ဇာတာထုပ်အဆုံး ရသမျှကျုံးယူတာနဲ့ အခု ရန်ကုန် မန္တလေးမြို့ကြီးတွေမှာ ပလာတာက အစ ကြက်၊ ဝက်အပြင် ရသမျှ ရွှေ၊ ငွေ၊ လုတာအထိ အားလုံးဟာ ဒီအတွေးအခေါ်တွေက လာတာ ဖြစ်ပါတယ်။

နောက်ပြီး ဗမာမင်းဆက်တွေရဲ့ အောက်တန်းအကျဆုံး အယူအဆဖြစ်တဲ့ ဘုရင်ကို သတ်ရင် ဘုရင်ဖြစ်တယ်ဆိုတာ ဦးနေဝင်းက စသင်ပေးလိုက်တာ မင်းအောင်လှိုင်အထိ ပါလာတဲ့အတွေးအခေါ်ဖြစ်လာတာပါပဲ။ နောက်တစ်ခုက ဗမာစစ်တပ်ဟာ စစ်ပညာကို ဂျပန်မှာ ဖက်ဆစ်ဝါဒ အထွတ်အထိပ်အရောက်ဆုံးအချိန်မှာ သင်ကြားလာတာဖြစ်လို့ ဖက်ဆစ်သန္ဓေဟာ စတည်ထောင်ကတည်းက ပါလာတာဖြစ်တယ်။ ဒီအချက်တွေအားလုံးပေါင်းဆုံ ဖော်ပြလာတာက အခု မင်းအောင်လှိုင်ခေတ်မှာပဲ ဖြစ်ပါတယ်။

အဆိုးဆုံးဖော်ပြချက်က လူမျိုးကြီး ဝါဒပါ။ အမျိုး ဘာသာသာသနာဆိုတာ အလောင်းဘုရားလက်ထက်ကနေ ကင်းဝန်မင်းကြီး၊ နောက်ထပ် ဦးနေဝင်း၊ သန်းရွှေနဲ့ မအလအထိ ရေလဲသုံးခဲ့တဲ့စကားလုံးပါပဲ။ အမျိုးဆိုတာ ဗမာကို ပြောတာ ဖြစ်ပြီး၊ ဘာသာဆိုတာက ဗုဒ္ဓဘာသာပဲဆိုတာ အားလုံး သိကြတာ ဖြစ်တယ်။ ဒါအတွက်ဆိုရင် ဘာကိုပဲ လုပ်လုပ် တရားတယ်၊ မှန်တယ်လို့ယူဆစေတာ ဖြစ်တယ်။ တကယ်ကတော့ ဒါရဲ့ နောက်ကွယ်မှာ ကိုယ်ကျိုးစီးပွားက ပါပြီးသား ဖြစ်နေပါတယ်။ ဒီအမျိုးဘာသာသာသနာဆိုတာကို အစောဆုံး ဆန့်ကျင်တာက ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး သူ့မိန့်ခွန်းတွေထဲမှာ အမျိုးဘာသာခေတ် မဟုတ်ကြောင်း နှစ်ကြိမ်တောင်ပြောခဲ့ဖူးပါတယ်။

မအလရဲ့ ဒေါ်စိန်အေးကျောင်းမှာ ရိုက်သွင်းပေးတဲ့အထဲမှာ ဒီအချက်တွေအားလုံး ပါဝင်တာဖြစ်ပါတယ်။ နောက်ထပ် သင်ခန်းစာတွေထဲမှာ ပါတဲ့အချက်ကတော့ နိုင်ငံရေးသမားတွေ မကောင်းကြောင်း၊ ပါတီတွေမကောင်းကြောင်း (အမျိုးသားနိုင်ငံရေးဆိုတာ သီးခြားရှိနေတာ မဟုတ်ပေမယ့်) အမျိုးသားနိုင်ငံရေးသာကောင်းကြောင်း ရိုက်သွင်းတာပဲဖြစ်ပါတယ်။

သခင်တင်မီးခွက်မှုတ်ဇာတ်လမ်းတို့၊ ဦးကိုကိုကြီး သိန်း ၄၀ အဂတိလိုက်စားတဲ့ ဇာတ်လမ်းတို့ (မဟုတ်မှန်းသိသိကြီးပေမဲ့) နိုင်ငံရေးသမားမကောင်းကြောင်း သင်ခန်းစာတွေထဲမှာ အဲဒါတွေ ပါဝင်ပါတယ်။

နောက်ဆုံးမှာတော့ နိုင်ငံတော်ဟာ သူတို့နဲ့သာ ထိုက်တန်ကြောင်း၊ လူထုမဲဆိုတာ မသိလို့ပေးကြတာ ဖြစ်ကြောင်း၊ အလေးထားစရာမလိုကြောင်း၊ အင်အားနဲ့ အုပ်ချုပ်နိုင်ဖို့သာ အဓိက ဖြစ်ကြောင်း၊ ၄ နှစ် (နောက်ပိုင်း ၃ နှစ်)သာ သင်တဲ့ ဒေါ်စိန်အေး သင်ခန်းစာတွေဟာ တိုင်းပြည်အုပ်ချုပ်ဖို့ လုံလောက်တဲ့အကြောင်း ဗိုလ်သင်တန်းကို ရောက်လာတဲ့ ၁၇- ၁၈ နှစ်အရွယ် လူငယ်တွေ ယုံကြည်သွားစေတာ ဖြစ်တယ်။

မေမြို့စစ်ကျောင်းဟာ စစ်ပညာသက်သက်မဟုတ်ဘဲ တိုင်းပြည်ကို သူတို့ပဲ အမြဲအုပ်စိုးရမယ်ဆိုတဲ့ အတွေးအခေါ်ကိုပါ ရိုက်သွားပေးတဲ့ နေရာကြီးတစ်ခု ဖြစ်လာတော့တာပါပဲ။

(ဆက်ရန်)

နွေဦးသစ်လူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013