Live
Home
မြန်မာသတင်း
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်များပါသည့်လှေကို မြန်မာစစ်တပ်က ပစ်ခတ်ခြောက်လှန့်
DVB
·
April 23, 2021

ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် မယ့်စရိန်းမြို့နယ်နဲ့ မြန်မာဘက်ခြမ်း ကရင်ပြည်နယ် ဖာပွန်ခရိုင်ကြားရှိ သံလွင်မြစ်ထဲမှာ ဧပြီလ ၂၂ ရက် ညနေပိုင်းက ထိုင်းလှေတစ်စီး ခြောက်လှန့်ပစ်ခတ်ခံခဲ့ရပါတယ် ။ 

ထိုင်းနိုင်ငံတော်အလံလွှင့်ထူပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇ ဦးပါတဲ့ စက်လှေဟာ မယ်ဟောင်ဆောင်ခရိုင် ဆွပ်မွေးမြို့နယ် မဲ့ဆမ်လက်ပ်ကူးတို့ဆိပ်ကနေ မယ့်စရိန်းမြို့နယ် ဘန့်ကျော်ထ နဲ့ ဘန့်ဘော် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပညာသင်ကျောင်းကို အသိပညာပေးရေးနဲ့ ဝန်ထမ်းများအတွက် ပစ္စည်းတွေ သွားရောက်ပို့ဆောင်စဉ် နေ့လဘ် ညနေ ၂ နာရီကျော်မှာ အပစ်ခံရတယ်လို့ ဆိုပါတယ်။ 

ထိုင်းဘက်ခြမ်း မယ့်ဆရိန်းမြို့နယ် မယ့်ခုံးအုပ်စုရဲ့  သံလွင်မြစ်တဘက်ကမ်းရှိ  ခမရ ၃၄၀ မြန်မာစစ်တပ်က ပစ်ခတ်လိုက်တာဖြစ်ပြီး ခြိမ်းခြောက်တဲ့အနေနဲ့ ပစ်ခတ်တာကြောင့် ထိခိုက်မှုမ ရှိကြောင်း၊ ဒါပေမယ့် ရှေ့ဆက်သွားရင် တကယ်အပစ်ခံရမှာကို စိုးရိမ်လို့ ပဲ့ကိုင်သူဟာ မြန်မာစစ်တပ်ရှိတဲ့ဂိတ်ကို ကမ်းကပ်ပြီးသတင်းပေးပို့လိုက်ကာမှ လိုရာခရီးဆက်သွားလို့ရတယ်လို့  စက်လှေမောင်းသူက သတင်းထောက်ကို ပြောပါတယ်။ 

ဒီမတိုင်ခင်က သံလွင်မြစ်ထဲ မောင်းနှင်နေတဲ့ လှေတွေဟာ မြန်မာစစ်တပ်က စောင့်တဲ့ ဂိတ်တွေမှာ သတင်းပေးဖို့ ထုတ်ပြန်ထားကြောင်း၊ ဒါပေမယ့် သူတို့လှေဟာ သာမန်ခရီး သွားလှေ မဟုတ်ဘဲ ဌာနဆိုင်ရာတာဝန်ရှိသူတွေ ပါလာတဲ့လှေ၊ တာဝန်အရခရီးသွားတဲ့အပြင် ထိုင်းအလံကို လှေဦးမှာရော လှေအမြီးပိုင်းမှာပါ လွှင့်ထူထားလို့ သတင်းမပို့ဘဲ ဖြတ်သွားရာက ပစ်ခတ်ပြီး ခြောက်လှန့်ခံရတာလို့ အခြားဝန်ထမ်း ၁ ဦးက ပြောပါတယ်။ 

 ထိုင်းစက်လှေတွေဟာ အဆိုပါသံလွင်မြစ်ထဲမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က ၁ ကြိမ်၊ ဧပြီလ ၂၀ ရက်နေ့က ၁ ကြိမ် အပစ်ခံခဲ့ရပြီး ခုတစ်ခါနဲ့ဆို ၃ ကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။ 

ထိုင်းလှေတွေ အခုလိုအပစ်ခံရတာနဲ့ ပတ်သက်ပြီး ထိုင်းကြည်းတပ်လက်အောက်ခံ  အမှတ် ၇ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေက အဆိုပါမြန်မာတပ်နဲ့ တွေ့ဆိုဆွေးနွေးရာမှာ မြန်မာ တပ်ဘက်က သူတို့အနေနဲ့ ကေအန်အယ်လ်‌အေ ကရင်တပ်ဖွဲ့က ဝင်ရောက်တိုက်ခတ်မှာကို ကာကွယ်တဲ့အနေနဲ့ ဖြတ်သွားတဲ့ စစ်လှေတိုင်းကို သတင်းပို့စေချင်တာလို့ ပြန်ပြောကြောင်း၊ နှစ်ဦးနှစ်ဘက် ရေရှည်ဆက်ဆံရေးကိုကြည့်ပြီး ပြေလည်စွာ နားလည်မှု ယူခဲ့တယ်လို့ ထိုင်းတာဝန်ရှိသူရဲ့အပြောကို ကိုးကားပြီး  AEC အာဆီယံသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါ သံလွင်မြစ်ကမ်းမှာ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က  မြန်မာစစ်တပ်ကိုပို့ပေးဖို့ ဆန်အိတ် ၇၀၀ နဲ့ ဆီ ၅၀ ပုံးရောက်ရှိလာပြီး ကေအန်ယူတပ်က ဟန့်တားထားတဲ့အတွက် ထိုင်းဘက်ခြမ်းကို ပြန်သယ်ခဲ့ရပြီးတဲ့နောက် အခုလို မြန်မာစစ်တပ်ဘက်က ပစ်ခတ်မှု တွေရှိနေတာပါ။ 

ကိုးကား - matichon.co.th

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024