ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ရက်ခြားဆိုသလို ဖမ်းဆီးခံနေရပြီး ဧပြီ ၂၂ ရက် ကလည်း တာ့ခ်ခရိုင် မဲဆောက်မြို့နယ်နဲ့ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ဘက်ကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၅၅ ဦး ဖမ်းဆီးခံ ခဲ့ရပါတယ်။
တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မယ်ပကျေးရွာအုပ်စု ပတ်ဟွေ့မယ်ပ ရပ်ကွက် ၅ ထဲမှာ တရားမဝင် ဝင်ရောက်လာသူတွေရှိနေကြောင်း အကြောင်းကြားလာတဲ့အတွက် မြို့နယ်အုပ်ချု ပ်ရေးမှူးရုံး၊ နယ်ခြားစောင့်တပ်၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းတွေပါတဲ့ အဖွဲ့က ဧပြီလ ၂၂ ရက် မွန်းလွဲ ၂ နာရီကျော်လောက်မှာ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။
စစ်ဆေးချက်အရ အထောက်အထားမဲ့ တရားမဝင် မြန်မာအလုပ်သမား ၃၃ ဦး နဲ့ မှီခိုသူ ကလေးတွေအပါအဝင် ၁၆ ဦး စုစုပေါင်း ၄၉ ဦးကို အထုတ်အပိုးတွေနဲ့အတူ ဖမ်းမိခဲ့ပါတယ်။
သူတို့တွေဟာ ထိုင်းနိုင်ငံအတွင်းပိုင်းဘက်ကို သွားပြီးအလုပ်လုပ်ဖို့ လာခေါ်မယ့်ကားကို စောင့်ဆိုင်းစဉ်ဖမ်းဆီးခံရတာဖြစ်ပြီး တာဝန်ရှိသူတွေက သူတို့ကို ကိုဗစ် ၁၉ စစ်ဆေးကာ ဥပဒေအရ အရေးယူပြီးရင် ပြည်နှင်ဒဏ်ပေးမယ်လို့ ဆိုပါတယ် ။
ဧပြီ ၂၂ ရက်တနေ့တည်းမှာပဲ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ထဲမှာ တရားမဝင် ဝင်ရော က်လာတဲ့ မြန်မာ ၆ ဦး ( ကျား ၂ ဦး ၊ မ ၄ ဦး)တို့ကို ဖမ်းမိတယ်လို့ maesaipress သတင်းမှာ ဖော်ပြပါတယ်။
သူတို့တွေဟာ မယ်ဆိုင်ချောင်းကူးပြီး တာဝန်ရှိသူတွေ ကာဆီးထားတဲ့ သံဆူးကြိုးအောက် ငုံ့ဝင်ကာ မယ်ဆိုင်မြို့ မယ်ဆိုင်ရပ်ကွက် ၁ ထဲရှိ ကမ်းပေါ်တက်လာစဉ် ဖမ်းဆီးခံခဲ့ရတာပါ။
စစ်ဆေးချက်အရ သူတို့အားလုံး ပဲခူးတိုင်းကဖြစ်ပြီး ထိုင်းမြောက်ပိုင်း ဖရဲ့ခရိုင်ရှိ စက်ရုံတစ်ရုံမှာ အလုပ်သွားလုပ်ဖို့ဖြစ်ကြောင်း ၊ စက်ရုံမှာရှိတဲ သူငယ်ချင်းက သူတို့အားလုံးကို ကြိုတင်အလုပ်လျှောက်ထားပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။
မယ်ဆိုင်ချောင်းကူးခ အနေနဲ့တော့ ၁ ဦးလျှင် ဘတ် ၁ ထောင်စီ လမ်းပြကို ပေးခဲ့ရတယ်လို့ ဆိုပါတယ် ။
တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ်နဲ့ ချင်းရိုင်းခရိုင်မယ်ဆိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ကလည်း တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄၆ ဦး အဖမ်းခံခဲ့ရပါတယ် ။