Home
မေးမြန်းခန်း
“ဒီစစ်အာဏာရှင်တော်လှန်ရေးမှာ ကျနော်တို့ တစ်ထောင့်တစ်နေရာကနေ ပါကို ပါမှာပါ” ဇေယျာလွင်
DVB
·
April 21, 2021

ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့  ဧပြီ ၁၇ ရက်နေ့က နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးကနေ အကျဉ်းသား ၂၃ဝဝဝ ကျော် ပြန်လွတ်ပေးခဲ့ရာမှာ   စစ်တပ်ဆန့်ကျင်ရေး သံချပ်ထိုးခဲ့လို့ ထောင်ချခံခဲ့ရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အ‌ဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုပိုင်ဖြိုးမင်းတို့လည်း လွတ်ရက်စေ့ပြီး အင်းစိန် ထောင်ကနေ ပြန်လွတ်မြောက်လာခဲ့ပါတယ်။

အကျဉ်းထောင်အတွင်းကြုံတွေ့ရတဲ့ အခြေအနေတွေ၊  လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေါင်းတို့မျိုးဆက်သံချပ်အ‌ဖွဲ့ခေါင်းဆောင်  ကိုဇေယျာလွင်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။။

မေးမြန်းချက် အပြည့်အစုံ   

မေး- ၂၀၁၉ သင်္ကြန်မှာ စစ်တပ်ရဲ့ ရက်စက်မှုတွေကို သံချပ်ထိုးလို့ ထောင်ချခံရတယ်၊ အခုပြန်လွတ်တော့ နွေဦးတော်လှန်ရေးရဲ့ အမြင့်ဆုံးရေချိန်ကိုရောက်နေတယ်၊ ဒီတော်လှန်ရေးမှာ ဘယ်အခန်းကဏ္ဍ ကနေပါဝင်မှာလဲ။

ဖြေ- “ဟုတ်ကဲ့ဒီမေးခွန်းက ကျနော်တို့အပေါ်မှာချစ်ခင်တဲ့သူတွေ သိတဲ့သူတွေ သိချင်တဲ့ မေးခွန်းလို့ထင်တယ်၊ ကျနော်တို့ အနေနဲ့လည်း လောလောဆယ်အခြေအနေမှာ ဘယ်နေရာမှာ ပါဝင်နိုင်ဆိုတာထက်ကို ဒီလှုပ်ရှားမှုဟာ ဘယ်အခြေအနေရောက်နေပြီ ဒီနှစ်လ အတောအတွင်းမှာ၊ နောက်ပြီးတော့ ဘယ်လိုအနေအထားတွေရှိနေပြီလဲ၊ နိုင်ငံရေးအတိုင်းအတာက ဘယ်အခြေအနေအထိရောက်နေပြီလဲ၊ ပြီးတော့ ဘယ်သူတွေက ဘယ်လိုမျိုး အခြေအနေနဲ့ စစ်ကောင်စီနဲ့ စစ်တပ်ကို တုံ့ပြန်နေကြတာလဲ၊ ဘယ်လိုမျိုးဆက်လုပ်ရင် ပိုပြီးအကျိုးသက်ရောက်မှုတွေရှိမလဲ၊ နောက်ပြီးတော့ ရှိနေပြီးသား ဒီ   CRPH တို့ ၊ အစိုးရဖြစ်တဲ့ NUG တို့နဲ့ပတ်သက်ပြီးတော့ ဘယ်လိုပုံစံမျိုးတွေလုပ်နေတယ်ဆိုတာ သေချာလေ့လာပြီးတော့ လိုက်ကြည့်နေရတယ်။”

“ကျနော်တို့အနေနဲ့ ဘယ်နေရာမှာဘယ်လိုပါဝင်မယ်ဆိုတာထက် ကျနော်တို့က စစ်အာဏာရှင်တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာမှာ ပြည်သူလူထုနဲ့ အတူ ဆက်ပြီးကျနော်တို့  ရှိနေမယ်ဆိုတာ ယုံကြည်ပြီး အာမခံနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒီလိုအခြေအနေမတိုင်ခင်ကတည်းကိုက စစ်တပ်ကို တစိုက်မတ်မတ်ဖွဲ့စည်းပုံပြင်ဖို့ လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်းထွက်သွားဖို့၊ နိုင်ငံရေးမှာဝင်ပြီး မစွက်ဖက်ဖို့ ကျနော်တို့က တောက်လျှောက်ပြောခဲ့တဲ့သူတွေဖြစ်တယ်။ ဒါကြောင့် ဒီလိုမျိုးအာဏာသိမ်းတဲ့ အချိန်မှာ စစ်ကောင်စီရဲ့ ရက်ရက်စက်စက်ပြုမူဆောင်ရွက်တဲ့ အချိန်မှာ ကျနော်တို့ ရှေ့က ပြောခဲ့တာတွေ ပိုပြီး ပေါ်လွင်လာတယ်ပေါ့။ အဲအတွက်ကြောင့် ကျနော်တို့က အခုအချိန်မျိုးမှာ တစ်စုံတစ်ယောက်ရဲ့ သို့တည်းမဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ သနားမှုကြောင့် ပြန်လွတ်လာတာမျိုးမဟုတ်ဘဲနဲ့ ကျနော်တို့  လွတ်ရက်နဲ့ ခံစားခွင့်နဲ့ ပြန်လွတ်မြောက်လာတာ၊ အဲအတွက်ကြောင့် ဘာအပေးမယူမှလည်း  မလုပ်ခဲ့ဘူး၊ သူတို့နဲ့လည်းဘာညှိနှိုင်းမှုမှ မလုပ်ခဲ့ဘူး၊ အဲအတွက်ကြောင့် ရှေ့ဆက်ပြီးလုပ်သွားရမဲ့ ဒီစစ်အာဏာရှင်တော်လှန်ရေးမှာ ကျနော်တို့ တစ်ထောင့်တစ်နေရာကနေ ပါကို ပါမှာပါ။”

မေး- အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့   (NUG)   အပေါ်မှာရော ကိုဇေယျာလွင်ရဲ့ အမြင်သဘောထားပြောပြပေးပါ။

ဖြေ- “ဒီအခြေအနေမှာ ရွေးကောက်တင်မြှောက်တဲ့ပုံစံမျိုးနဲ့ မဟုတ်ဘဲနဲ့ ပြည်သူလူထုရဲ့ တိုက်ပွဲပုံစံမျိုးကနေ ပေါ်လာတာဖြစ်တဲ့ အတွက်ကို ဒါသည်ပိုပြီးတော့ အားကောင်းတဲ့ အစိုးရတစ်ခုလို့မြင်တယ်။ နာမည်ကလည်းက အမျိုးသားညီညွတ်ရေးအစိုးရဖြစ်တယ်၊ ကျနော်တို့  လူငယ်စကားနဲ့ ပြောမယ်ဆိုရင် “မိုက်တယ်ပေါ့ဗျာ”လူငယ်တွေလည်းပါတယ် နောက်ပြီးတော့ တကယ် ပါဝင်ဆောင်ရွက်နေတဲ့ သူတွေလည်းပါတယ်။ ကျနော်ကတော့ ဒါသည် ကျနော်တို့ တိုက်ပွဲကာလတစ်ခုလုံးရဲ့ မဟာဗျူဟာမြောက်တဲ့ ပြုမူဆောင်ရွက်ချက်လို့မြင်တယ်။”

မေး- စစ်တပ်က အရပ်သားပြည်သူတွေကို သတ်ဖြတ်တာအယောက် ၇၀၀ ကျော်သွားပြီ၊ အဲဒီအထဲမှာလူငယ်တွေလည်း အများကြီးပါတယ်။ ကျဆုံးသွားတဲ့ လူငယ်တွေအပေါ် လူငယ်တစ်ယောက်အနေနဲ့ တစ်ခုခုမှတ်ချက်ပေးပြောပေးပါဦး။

ဖြေ- “ကျနော်တို့ အထဲမှာရှိနေတဲ့ နှစ်လခွဲအချိန်မှာ မြဝတီနဲ့ မြန်မာ့အသံမှာပြတဲ့သတင်းတွေ အရ သေသွားတယ်ဆိုပြီး ပြောတာတွေရှိတယ်၊ သူတို့ရဲ့စကားကတော့ဗျာ အနည်းဆုံးပြုမူဆောင်ရွက်ချက်နဲ့ အဲ့လိုစကားလုံးနဲ့ ထိန်းသိမ်းတယ်နေပေါ့ဗျာ ဖြိုခွဲတဲ့အခါထိမှန်ပြီး သေဆုံးရတယ်၊ သေမှုသေခင်းနဲ့ အညီဆောင်ရွက်ပါတယ် ဘာညာပေါ့ဗျာ။ ဒါပေမဲ့ အဲသတင်းကိုကြည့်ပြီးတော့ ဒါသည် သူတို့ပြောတဲ့ အတိုင်း မဟုတ်ပါဘူးဆိုတာ အလိုလိုနားလည်တယ်၊ အဲသတင်းတွေကြားကတည်းက ကျနော်တို့ ပြည်သူလူထုက စပြီးတော့ အသက်တွေပေးနေရတယ်ဆိုတာ ရင်ထဲမှာ စိတ်မကောင်းတော့ဖြစ်မိတယ်။”

“ကျနော်တို့ တော်လှန်ရေးတစ်ခုကိုလုပ်တဲ့ အခါမှာ စနစ်ကြီးတစ်ခုလုံးကိုပြောင်းပြန်လှန်ရမယ်။ တော်လှန်ရေးပုံစံလုပ်ကြတဲ့အခါမှာ   ဒီလိုစတေးရတာတွေ ရှိပါတယ်။ အဲအတွက်ကြောင့် သေဆုံးသွားတဲ့ လူငယ်တွေနဲ့ ပြည်သူတွေအားလုံးကို ကျနော်တို့က   အခုအခြေအနေမှာ ကျနော် တကယ်ကို အလေးပြုပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေဟာ ကိုယ့်အိမ်မှာကိုယ် ဝါသနာပါရာကို လုပ်ဆောင်စရာကိစ္စတွေ၊ ပုံမှန်လုပ်နေတဲ့ အခြေအနေတွေကနေ အခုလိုလမ်းပေါ်ထွက်ပြီး အုံလိုက်ကျင်းလိုက်နဲ့ ဒီစစ်တပ်ကို စစ်အာဏာရှင်ကို တော်လှန်ရတယ်ဆိုတာ သူတို့စိတ်ထဲမှာ တကယ်ကို  စစ်အာဏာရှင်တွေရဲ့ ပြုမူဆောင်ရွက်ချက်တွေကို မလိုလားဘူးဆိုတာ တကယ်ကိုပေါ်လွင်ပါတယ်။ အဲဒီလိုမျိုး  မတရားအာဏာသိမ်းပိုက်ထားတဲ့စစ်ကောင်စီကို ပြည်သူလူထုတွေ အနေနဲ့ အသက်ပါပေးပြီးတော့ လုပ်ဆောင်ခဲ့တဲ့အတွက် နောင်လာမယ့် နိုင်ငံတော်အသစ်ဟာ ပြည်သူတွေရဲ့ အသွေးနဲ့ အသက်နဲ့ တည်ဆောက်ထားတဲ့ နိုင်ငံတော်ဖြစ်တယ်။ အဲဒီအတွက်ကြောင့် သေဆုံးသွားတဲ့သူတွေ အားလုံးကို ကျနော်တို့က  ဦးညွှတ်ပါတယ်ပေါ့ အဲလိုပဲပြောရပါလိမ့်မယ်”။

မေး- အခုဆိုရင် လူငယ်ထောင်ပေါင်းများစွာက တိုင်းရင်းသားဒေသကိုထွက်သွားတာ၊ နိုင်ငံခြားကိုထွက်သွားတာတွေလုပ်နေကြပြီ အဲလူငယ်တွေက အာဏာသိမ်းစစ်တပ်ကို ပြန်ပြီးတိုက်ခိုက်ဖို့တွေ၊ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့တွေဆောင်ရွက်လာပြီ အဲလိုအဝေးရောက်နေတဲ့ သူတွေကိုတစ်ခုခုပြောဖို့ရှိလား။

ဖြေ- “ဒီအချိန်မှာလေ ကျနော့်အနေနဲ့ ဒီလိုမေးခွန်းမျိုးကို ပြန်ဖြေရတာ အခက်အခဲရှိတယ်လို့မြင်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က အရင်တုန်းက စစ်တပ်ကို ဆန့်ကျင်ပြီးလုပ်ခဲ့တယ်ဆိုပေမဲ့ ဒီလှုပ်ရှားမှုမှာ ကျနော်တို့က  လမ်းခုလပ်ကနေ ဖြတ်လိုက်ရမယ်ဆိုတဲ့ သဘောပေါ့၊ ရှေ့မှာ နှစ်လလုံးလုံး ချွေးတွေ၊ အသက်တွေ ပေးခဲ့ပြီးပြီ အဲဒီအပြင်ထောင်ထဲရောက်သွားတဲ့ သူတွေလည်းရှိတယ်။  ပြည်ပရောက်သွားတဲ့သူတွေ ၊ နယ်စပ်ရောက်သွားတဲ့ သူတွေရှိနေတဲ့ အတွက်ကြောင့် ကျနော် ဘာများပြောချင်သလဲဆိုရင် ကျနော့်အနေနဲ့က တစ်ခုခုပြောဖို့မရှိဘူးလို့ယူဆတယ်။ ဘာလို့လဲဆိုတော့ ကျနော်ထက်ကို ပိုပြီးတော့ ဒီလှုပ်ရှားမှုကြီးကို ပိုပြီးတော့ ဆောင်ရွက်ပြီးပြီ အများကြီးကိုတာဝန်ကျေပြီးပြီ၊  ကျနော်က အခုမှထွက်လာတာ၊ သူတို့လောက်တာဝန်ကျေအောင် ကျနော် အများကြီးကြိုးစားရဦးမယ်၊ သူတို့ရဲ့ကြိုးစားမှုတွေကိုလိုက်ပြီးတော့  သူတို့ကြိုးစားမှုတွေကို ဆက်ပြီး ကြိုးစားရမှာပေါ့။ ကျနော် လုပ်ရမှာပေါ့ဗျာ၊ သူတို့ကို တစ်ခုခုပြောဖို့မရှိပါဘူးဗျာ၊  သူတို့လုပ်ခဲ့တာတွေက တိုင်းပြည်အတွက်ဖြစ်တယ်၊ စစ်အာဏာရှင်ကိုတော်လှန်ရေးဖြစ်တယ်၊ အဲအတွက်ကြောင့် ကျနော်တို့အားလုံး ရည်မှန်းချက်တစ်ခုနဲ့ သွားမယ်ဆိုရင်ပေါ့”။

မေး- အခုအချိန်ဟာ မြန်မာပြည်အတွက် အစစအရာရာပြောင်းလဲဖို့ အချိန်ကောင်းဖြစ်လာပြီလား။ အခုဆိုရင် တိုင်းရင်းသားအားလုံးလည်း ပါဝင်လာတယ်ဆိုတော့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတည်ထောင်ဖို့ အကောင်းဆုံးအချိန် ဖြစ်နေပြီလား။

ဖြေ- “အရင်တုန်းကဆိုရင် ကျနော်တို့ အနေနဲ့ ဖက်ဒရယ်ကိုပြောတဲ့အခါမှာ နှစ်မျိုးပြောနေကြတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြောတဲ့သူတွေ၊  ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဆိုပြီး စကားလုံးမှာနဲ့တင် ညှိနှိုင်းရခက်နေတဲ့အခြေအနေမျိုး နောက်ပြီးတော့ ကျနော်တို့တချို့ ကိစ္စပြောတဲ့အချိန်မှာ  စကားလုံးထဲကအစ အငြင်းပွားနေကြတာ၊ ဒီလိုအခြေအနေမျိုးက တကယ်ကို ကျနော်တို့တိုင်းပြည် ဖက်ဒရယ်စနစ်နဲ့  ပြည်ထောင်စုကြီးတစ်ခုဖြစ်လာဖို့ အတွက်ကို အကောင်းဆုံးတည်ဆောက်ဖို့၊ အစပျိုးဖို့ အချိန်ဖြစ်တယ်လို့ယူဆတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် (EAO) တွေရဲ့အခန်းကဏ္ဍက ပိုပြီးတော့ အရင်ကထက် အရမ်းကိုကြီးမားလာပြီး ဘာဖြစ်လိုလဲဆိုတော့ အခုကျနော်တို့ အားလုံး လူငယ်တွေက စစ်ကောင်စီကိုပြန်ပြီးတော့ တော်လှန်ရေးလုပ်ဖို့အတွက်ကို ရှိနေကြတယ်ပေါ့။ အဲလိုရှိတဲ့နေရာမှာ (EAO)  တွေက လူငယ်တွေကို တကယ်ကို သိသင့်သိထိုက်တာတွေ လုပ်ပေးသင့်တာတွေကို လုပ်ပေးတာသည် ကျနော်တို့  လူမျိုးတစ်မျိုးနဲ့ တစ်မျိုးမှာပေါ့ ခွဲခြားမှုမရှိပဲနဲ့ ကျနော်တို့ ဥပမာပေါ့ (EAO)   အဖွဲ့တစ်ဖွဲ့အနေနဲ့ဆိုရင်ဗျာ လူငယ်တွေ အပေါ် မှာ ဘယ်လောက်ထိ လုပ်ပေးတယ်ဆိုတာ ပိုပေါ်လွင်စေတယ်ပေါ့။ အဲ့အတွက်ကြောင့် ဒီတိုင်းရင်းသားလက်နက်ကိုင်တွေ တောင်းဆိုတဲ့ ဒီဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ ကိစ္စမျိုး၊ တို့ပြည်သူတွေဖြစ်ချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ ကိစ္စမျိုးဟာ ဒီအချိန်မှာ ဘာအငြင်းပွားစရာမျိုးမရှိဘဲ ဘုံသဘောတူညီမှုမျိုးဖြစ်လာပြီးတော့ တကယ့်ကို ခိုင်မာတဲ့ တိုင်းပြည်တစ်ခုတည်ဆောင်နိုင်လိမ့်မယ်လို့ယုံကြည်တယ်။ ဒီအချိန်မှာလည်း  အားလုံးက ညီညွတ်ရေးဘက်ကို သွားနေတယ်လို့မြင်ပါတယ်”။

 မေး- နောက်ထပ်ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ- “ ကျနော် နောက်ထပ် ထောင်ထဲက အကြောင်းလေးပြောချင်ပါတယ်ဗျ၊  ကျနော်တို့ ထောင်ထဲမှာနေခဲ့ရတဲ့ အချိန်မှာ မနေ့က ဆိုရင် ရန်ကင်းမှာ မိတယ်ဆိုပြီးထုတ်ပြန်တယ်ပေါ့၊ လူငယ်တွေရဲ့ ရုပ်ပျက်ဆင်းပျက်ပုံတွေ တက်လာတဲ့ဟာတွေပေါ့၊ နောက်ပြီးတော့ သင်္ကြန်နောက်ဆုံးရက်ဆိုလို့ရှိရင် ကျနော်တို့  စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂက လူငယ်တွေဖမ်းခံရတယ်။ ကျနော်တို့ လွတ်တဲ့နေ့မှာဆိုရင် ကျနော်တို့ (တ.က.သ) အဟောင်းက လူငယ်တွေဖမ်းခံရတယ်။ သူတို့နဲ့ သက်ဆိုင်တဲ့ မိဘတွေက သူတွေက အင်မတန်ကို စိုးရိမ်ကြတယ်၊ ဒီလိုရက်ရက်စက်စက်လုပ်နေတဲ့ ကာလမျိုးမှာ သူတို့သားသမီး၊ သူတို့ ညီအစ်ကို မောင်နှမတွေ အဖမ်းခံရတဲ့ အပေါ်မှာ အင်မတန် စိုးရိမ်မှာပဲ။ အင်မတန်စိုးရိမ်တဲ့ အပေါ်မှာ သူတို့က အဖမ်းခံပြီးတာနဲ့ ဒီလူငယ်တွေကို ဘယ်ခေါ်သွားတာလဲ၊ ဘာလုပ်ကြမှာလဲ၊ မနက်ဖြန်ပဲ အလောင်းလာထုတ်ခိုင်းမှာလားဆိုတဲ့၊ တကယ်ကိုစိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေကြမယ်လို့ ယူဆတယ်။ တကယ်လည်း ဖြစ်ပေါ်နေကြမှာပဲ၊ အဲဒီတော့ ကျနော့်အနေနဲ့ တစ်ခုပြောချင်တာက ထောင်ကိုရောက်သွားတဲ့ အခါမျိုးမှာ ထောင်က သူတို့ကိုကောင်းမွန်စွာ ထိန်းသိမ်းထားတယ်ဆိုတဲ့ အကြောင်းတော့ သက်ဆိုင်တဲ့ မိသားစုကို ကျတော်ပြောချင်တယ်။ ဒါပေမဲ့ အဲထောင်ကို မရောက်ခင် စစ်ကြောရေးကာလမှာတော့ အင်မတန်ကို ရက်စက်ယုတ်မာနည်းတွေနဲ့ ညှဉ်းပန်းနှိပ်စက်မယ်ခံရလိမ့်မယ်လို့ မနေ့ကလို ဓာတ်ပုံတွေကြည့်ခြင်းအားဖြင့် အားလုံးသိစေနိုင်တယ်။”

“သူတို့ဖြစ်ချင်တဲ့ ကိစ္စတွေ ဒီပြည်သူတွေကို မတရားဝန်ခံခိုင်းတဲ့ ကိစ္စမျိုးတွေလဲရှိနေပါတယ်၊ ဘာလို့ဒီအကြောင်းတွေကို ပြောရလဲဆိုတော့ တစ်ရက်နေ့ အာဏာမသိမ်းခင်ညမှာ ဖမ်းခံရတဲ့ ဒီအုပ်စုကနေ ကျနော်တို့နဲ့ အတူတူနေလာရတဲ့ အခါမှာ ဒီစစ်ကြောရေးနဲ့ပတ်သက်ပြီး သူတိုဘယ်လောက်တောင်  ညှဉ်းပန်းနှိပ်စက်ခံရသလဲ၊ စိတ်ပိုင်းဆိုင်ရာ အရ၊ အခုနောက်ပိုင်းဆိုရင် ရုပ်ပိုင်းဆိုင်ရာ အရကောဆိုတာကို ပြည်သူတွေ အားလုံးကိုသိစေချင်တယ်၊ အဲဒါမှ ကျနော်တို့က သူတို့နှိပ်စက်တဲ့ဒဏ်ကို ကြံ့ကြံ့ခိုင်နိုင်ဖို့ အတွက်ကို အားအင်တစ်ခုဖြစ်လိမ့်မယ်၊ ကြိုတင်ပြင်ဆင်ထားနိုင်မယ်လို့ မျှော်လင့်တယ်၊ မိသားစုတွေကိုလည်း ကျနော် အားပေးစကားပြောချင်တယ်။ စိုးရိမ်တာကို နားလည်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ တော်လှန်းရေးတစ်ခု ကျနော်တို့ တိုင်းပြည်ကောင်းဖို့အတွက် လောလောဆယ် ကျနော်တို့ မမှီရင်တောင်ဗျာ ကျနော်တို့ရဲ့ သားသမီးတွေ တူတွေ တူမတွေ နောက်မျိုးဆက် အတွက်ကို တိုင်းပြည်ကို အကောင်းဆုံးထားဖို့အတွက်ကို ကျနော်တို့  အသက်သော်လည်းကောင်း ဘဝသော်လည်းကောင် ကျနော်တို့တစ်စုံတစ်ရာ ရင်းရမယ်လို့ ယူဆတယ်။ ဒါကြောင့်မို့လို့ သက်ဆိုင်တဲ့မိသားစုတွေကို ကျန်ရစ်ခဲ့တဲ့ မိသားစုတွေအားလုံးကို ဒီလိုသတင်းစကားမျိုးပါးချင်ပါတယ်”။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024