Home
မြန်မာသတင်း
ဖားကန့်ဒေသရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၂ ခုအား ကေအိုင်အေ သိမ်းပိုက်
DVB
·
April 19, 2021

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဧပြီ ၁၈ ရက် ညနေပိုင်းကစပြီး အကြမ်းဖက် စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ  တပ်စခန်း  ၂ ခုကို သိမ်းပိုက်ထားပြီလို့  ကေအိုင်အေ အရာရှိတစ်ဦးက အတည်ပြုပြောပါတယ်။

"ဧပြီလ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန်မှစတင်ကာ ဖားကန့်မြို့နယ် ​အောင်ဘာ​လေကျေးရွာ တန်း​ဂေါင်​တောင်ရှိ စစ်​ကောင်စီလက်နက်စခန်းကို ကေအိုင်အေဘက်က သိမ်းပိုက်ခဲ့သလို ဖားကန့် Tang Gau ဆုတောင်းတောင်မှာ အထိုင်ချထားတဲ့ အကြမ်းဖက်တပ်စခန်းတစ်ခုကို အခုမနက်ပိုင်း မှာ  ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်တပ်စခန်း ၄ ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့ကာ ခုစခန်း ၂ ခုကို သိမ်းပိုက်ထားပြီ"လို့ ဆိုပါတယ်။

ဖားကန့်မြို့နယ် အောင်ဘာလေ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျဆုံးများတာကြောင့် အခုမနက်ပိုင်းမှာ လေတပ်က ဂျက်လေယာဉ် ၃ စင်း နဲ့ တိုက်ခိုက်ဗုံးကြဲနေလို့ တိုက်ပွဲအနီး၀န်းကျင်က ဒေသခံပြည်သူတွေ တိမ်းရှောင်နေရတယ်လို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့နယ်အပါအဝင် ကချင်ပြည်နယ် နေရာအနှံအပြားမှာ တိုက်ပွဲပြင်းထန်နေလို့ အကြမ်းဖက်စစ်ကောင်စီ လေတပ်စခန်းနားက မိဘပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ခုချိန်ကတည်းက ရှောင်ပေးဖို့ တောင်းဆိုချင်ပါတယ်လို့ ရှေ့တန်းရောက် ကေအိုင်အေ အရာရှိတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ တိုက်ပွဲအတွင်း နှစ်ဖက်တပ်ဖွဲ့ အကျဆုံးစာရင်းကို တိုက်ပွဲမပြီးသေးလို့ အတည်မပြုနိုင်ဘူးလို့ ကေအိုင်အေဘက်ကပြောပေမဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ တိုက်ပွဲသတင်းတွေကို ထုတ်ပြန်ခြင်းမရှိဘဲ သတင်းအမှောင်ချထား ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024