မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မြန်မာနှစ်ဆန်း ၁ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က လက်နက်မဲ့ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
မိုးကုတ်မြို့ အောင်ချမ်းသာရပ်ကွက်ထဲကို ရဲနဲ့ စစ်သားအင်အား၃၀ ကျော်ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတွေဘက်က ပြန်လည်ခုခံကာကွယ်ရာမှာ ပြည်သူ ၂ ဦးကျဆုံးပြီး အလောင်းကို အာဏာသိမ်းစစ်တပ်က တွန်းလှည်းနဲ့ ယူသွားတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။
ဒီပစ်ခတ်မှုမှာ ဒဏ်ရာရသူတွေလည်းရှိတဲ့အတွက် ဆေးကုသမှုခံယူနေကြရကာ အနည်းဆုံး ပြည်သူ ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပြီး သေဆုံးဒဏ်ရာရသူ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
လူနေရပ်ကွက်ထဲမှာ ရဲနဲ့စစ်တပ်က သေနတ်နဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့သလို မီးခိုးဗုံးတွေပါ အသုံးပြုခဲ့တယ်လို့သိရပါတယ်။
မိုးကုတ်မြို့မှာ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲတွေ နေ့စဉ် အင်အားအများအပြားနဲ့ ငြိမ်းချမ်းစွာပြုလုပ်နေကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံတဝန်း အများပြည်သူတွေ ကောင်းမှုကုသိုလ်ပြုလုပ်ကြတဲ့ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက အကြမ်းဖက် လူသတ်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
Photo Credit- Mogok Information