Live
Home
ဆောင်းပါး
စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေတဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့
DVB
·
April 15, 2021

၁၉၈၈ တော်လှန်ရေးမှာ ရင်းနှီး ပေးဆပ်ခဲ့ရတဲ့ ပြည်သူတွေရဲ့ အသက်သွေးချွေးပေါင်းများစွာနဲ့ ဘ၀ပေါင်းများစွာကို အချည်းနှီးဖြစ်စေခဲ့တာ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့က ငွေကြေးတွေပဲ ဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ အခိုင်အမာရှိပြီး ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုးပမ်းအားထုတ်ခဲ့တဲ့ စစ်အာဏာရှင်ကို စီးပွားရေးပိတ်ဆို့မှု မအောင်မြင်ခဲ့တာလည်း ရေနံနဲ့ သဘာ၀ဓာတ်ငွေ့က ဝင်ငွေတွေပဲ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ်ဝန်းကျင်မှာ မြန်မာပြည်ကို ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ ပြင်သစ်ကုမ္ပဏီ TOTAL ရဲ့ ရတနာသဘာ၀ ဓာတ်ငွေ့စီမံကိန်းဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ စစ်အာဏာရှင်တွေအတွက် သန်းထောင်ချီတဲ့ ဒေါ်လာတွေကို ဖန်တီးပေးပြီး၊ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဂရုမစိုက်ဘဲ ရပ်တည်ဖို့ ဖန်တီးပေးခဲ့ပါတယ်။

အခု ၂၀၂၁ နွေဦးတော်လှန်ရေးမှာလည်း အရပ်ဘက်အဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ အပါအဝင် CRPH နဲ့ ကုလသမဂ္ဂကိုယ်စားလှယ်တွေ တောင်းဆိုနေတဲ့ကြားက ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ကုမ္ပဏီတွေဟာ အကြမ်းဖက်စစ်တပ်ကို သန်းပေါင်းများစွာသော ဒေါ်လာတွေကို ဆက်လက် ထောက်ပံ့နေပါတယ်။

CRPH ရဲ့ တရားဝင်တောင်းဆိုမှုတွေကို အကြောင်းပြချက်မျိုးစုံနဲ့ အသိမှတ်မပြုတာ၊ မလိုက်နာတာကို တွေ့ရပါတယ်။ အဲဒါက စစ်အာဏာရှင် သမိုင်းတပတ် ပြန်လည်ဖို့အတွက် အလွန် စိုးရိမ်စရာ ကောင်းသလို၊ နွေဦးတော်လှန်ရေးမှာ နေ့စဉ် တိုက်ပွဲဝင်နေတဲ့ နိုင်ငံတဝန်းက လူကြီး လူငယ်လူရွယ် ကလေးသူငယ်တွေရဲ့ အသက်နဲ့ရင်း ပေးဆပ်ရမှုတွေကို အရာမထင် ဆုံးရှုံးစေမယ့် အန္တရာယ် ရှိနေပါတယ်။

နွေဦးတော်လှန်ရေးအပေါ် သက်ရောက်နေတဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ ဝင်ငွေ

လက်ရှိမှာ လည်ပတ်နေတဲ့ ရတနာ၊ ရဲတံခွန်၊ ဇောတိကနဲ့ ရွှေစတဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ စီမံကိန်းတွေကို အဓိကဦးဆောင် တာဝန်ယူဆောင်ရွက်နေတဲ့ ပြင်သစ်နိုင်ငံက TOTAL၊ ထိုင်းနိုင်ငံက PTT၊ ကိုးရီးယားနိုင်ငံက POSCO၊ တရုတ်နိုင်ငံက CNPC ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ အစုရှယ်ယာရှင် ကုမ္ပဏီတွေဆီက အကြမ်းဖက်စစ်တပ်ကို အခွန်အခနဲ့ ငွေကြေး မထောက်ပံ့ဖို့ အလွန်အရေးကြီးပါတယ်။ နွေဦးတော်လှန်ရေးမှာ လျင်လျင်မြန်မြန် အောင်ပွဲဆင်နိုင်ရေးဟာ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့က ငွေကြေးကို အကြမ်းဖက်စစ်တပ်က ဆက်ပြီးရ၊ မရဆိုတဲ့အပေါ် မှာ အများကြီး မူတည်ပါတယ်။

ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ အပါအဝင် တိုင်းပြည်ရဲ့ သယံဇာတအားလုံးဟာ မြန်မာပြည်သူတွေရဲ့ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ ထောက်ခံတဲ့၊ ပြည်သူ့ကိုယ်စားလှယ် CRPH ရဲ့တောင်းဆိုတာကို မလိုက်နာတဲ့ နိုင်ငံတကာ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ကုမ္ပဏီတွေရဲ့ လုပ်ရပ်ဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထီမဲ့မြင်ပြု ထိပါးတာပဲဖြစ်ပါတယ်။

အဲဒါက လုံး၀လက်ခံနိုင်စရာ မဟုတ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တော်လှန်သကဲ့သို့၊ သူတို့ရဲ့ အပေါင်းအပါတွေဖြစ်တဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ ကုမ္ပဏီတွေကို နည်းလမ်းမျိုးစုံနဲ့ ဆန်ကျင်ကန့်ကွက်ဖို့ အရေးကြီးပါကြောင်း အသိပေး တင်ပြအပ်ပါတယ်။

ရေနံနဲ့ သဘာ၀ဓာတ်ငွေ့မှ အခွန်အခများ (သို့) အာဏာရှင်စနစ်ရဲ့အောက်ဆီဂျင်

၂၀၂၁ နွေဦးတော်လှန်ရေးမှာ လှည်းနေလှေအောင်း မြင်းစောင်းမကျန် တော်လှန်နေကြတဲ့ကြားကနေ အကြမ်းဖက်စစ်တပ် ဘယ်လို ဆက်လက်ရပ်တည်သွားနိုင်မလဲ ဆိုတာကို ကြည့်ဖို့ လိုအပ်လာပါတယ်။    

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာကို မတရားနည်းလမ်းနဲ့ ရယူ၊ အကြမ်းဖက်နည်းလမ်းနဲ့ အုပ်ချုပ်တာ ဒါ ပထမဆုံးမဟုတ်ပါဘူး။ ဒါကြောင့် အရင်အာဏာသိမ်းမှုတွေမှာ စစ်တပ်က ဘယ်လိုနည်းလမ်းနဲ့  ရပ်တည်သွားလဲ ဆိုတာကို ပြန်ကြည့်တဲ့အခါမှာ၊ သယံဇာတ တင်ပို့ရောင်းချမှုကနေ ရလာတဲ့ငွေကြေးကို အဓိက အမှီပြု ရပ်တည်သွားတာကို တွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ရေနံနဲ့ သဘာ၀ဓာတ်ငွေ့က ရတဲ့ငွေကြေးကို အကြောင်းပြုပြီး အာဏသိမ်း စစ်ဗိုလ်ချုပ်တွေက သူတို့အာဏာတည်မြဲရေးအတွက် အကွက်ရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ဝင်ငွေနဲ့  တခြားဝင်ငွေ ဘာကွာသလဲ

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားတင်ပို့မှု ကိန်းဂဏန်းတွေအရ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ကဏ္ဍ တခုတည်းရဲ့ နိုင်ငံခြားတင်ပို့မှုဟာ စုစုပေါင်း နိုင်ငံခြားတင်ပို့မှု (နိုင်ငံခြားဝင်ငွေ ဒေါ်လာရရှိမှု) စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းကျော် ရှိပြီး၊ အမေရိကန်ဒေါ်လာ သန်းထောင်ချီတဲ့ နိုင်ငံခြားဝင်ငွေကို ရရှိနေပါတယ်။ အဲဒီဝင်ငွေဟာ တခြားကဏ္ဍကရတဲ့ ဝင်ငွေတွေနဲ့ မတူဘဲ တလုံးတခဲတည်း ရရှိရုံသာမက နိုင်ငံတကာ ဘဏ္ဍာရေး ယန္တားရားမှာ တရားဝင် ငွေပေးချေမှုတွေ ပြုလုပ်နိုင်တဲ့ အခြေအနေကိုလည်း ရရှိသွားစေပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်အနေနဲ့ ပြည်သူတွေကို ဖိနှိပ်အနိုင်ကျင့်ဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ဝယ်ယူသုံးစွဲနိုင်မှုအပြင် စစ်ဗိုလ်ချုပ်တွေရဲ့ မတရားနည်းလမ်းနဲ့ ရရှိထားတဲ့ ငွေမည်းတွေကိုလည်း ခဝါချဖို့အတွက် လမ်းပွင့်သွားစေပါတယ်။

အတိုချုပ်အားဖြင့် ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ကရတဲ့ ဝင်ငွေဟာ အာဏာသိမ်း စစ်ဗိုလ်ချုပ်အဆက်ဆက်ကို သန်းကြွယ်သူဌေးဖြစ်စေတဲ့ အဓိကအရင်းအမြစ်ဖြစ်သလို၊ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေတဲ့ အကြောင်းတရားလည်း ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားတွေအတွက်တော့ စစ်အာဏာရှင်ထမ်းပိုးအောက်က မလွတ်စေတဲ့ ကျိန်စာဆိုး ဖြစ်စေပါတယ်။

လူသတ် စစ်အာဏာရှင်အားပေး TOTAL အလိုမရှိ။

အရေးတော်ပုံအောင်ရမည်။

မေနဒီ

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024