တော်လှန်ရေး ပြီးဆုံးတဲ့အထိ နည်းလမ်းအသွယ်သွယ်နဲ့ ဆက်လက်တော်လှန်ပြီး ပြည်သူနဲ့အတူ ရပ်တည်သွားမယ်လို့ ဗန်းမော်မြို့က CDM ကျန်းမာရေး ဘက်တော်သားများအဖွဲ့အစည်းက သဘောထားထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားကြတဲ့ ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေ စုပေါင်းပြီး ဒီနေ့ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က လိုအပ်ပါက တာဝန်ထမ်းဆောင်ဖို့ အသင့်ရှိကြောင်း၊ Non CDM လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အပြီးတိုင် နုတ်ဆက်လမ်းခွဲကြောင်း၊ နှစ်သစ်သင်္ကြန် ပျော်ပွဲရွှင်ပွဲတွေမှာ ပါဝင်ဆင်နွှဲမည်မဟုတ်ကြောင်း၊ သင်္ကြန် ဆော့ကစားပြီး ဖျားနာသူတွေကို ဆေးကုပေးမည်မဟုတ်ကြောင်း၊ စစ်အာဏာရှင် လက်ပါးစေတွေရဲ့ မည်သို့သော ဖျားယောင်း သွေးဆောင်၊ ခြိမ်းခြောက်မှုမျိုးကိုမှ လက်ခံမည်မဟုတ်ကြောင်း၊ တော်လှန်ရေးပြီးဆုံးသည်အထိ ပြည်သူနဲ့အတူ ရပ်တည်ပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဗန်းမော်မြို့နယ်အတွင်း CDM မှာ ပါဝင်ထားကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ သတင်းပေးဒလန်တွေနဲ့ အာဏာပိုင်တွေရဲ့ ဖိအားပေးခြိမ်းခြောက်မှုတွေရှိနေတယ်လို့ သိရပါတယ်။ လတ်တလေေ ပြည်သူလူထုကျန်းမာရေး ကုသဆောင်ရွက်မှုတွေကို နည်းလမ်းစုံအသုံးပြုကာ ကုသပေးနေတယ်လို့ သိရပါတယ်။
CDM မှာ ပါဝင်ထားတဲ့ ကျန်းမာရေးဝန်ထမ်း အများအပြားရှိနေပြီး စိစစ်မှုတွေ ပြုလုပ်ရခက်ခဲနေပြီး ဆေးရုံကြီးက ရုံးစာမထုတ်ပေးဘူးလို့လည်း သိရပါတယ်။
ဗန်းမော်မြို့နယ်အတွင်း CDM ဌာနဆိုင်ရာ ဝန်ထမ်းတချို့လည်း တာဝန်မှရပ်ဆိုင်းခံထားရပြီး တချို့မှာရှောင်တိမ်းနေကြရပါတယ်။
လက်ရှိမှာ CDM ဝန်ထမ်းတွေကို လစာပေးဖို့ အလှူရှင်တွေလည်း လိုအပ်နေတယ်လို့ CDM ဝန်ထမ်းများ ထောက်ပံ့ကူညီနေတဲ့ အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။