
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကိုလိုလားတဲ့ လူငယ်တချို့ဟာ ကမာရွတ်မြို့နယ်ထဲက ဆန္ဒပြသူတွေနဲ့အတူ တော်လှန်ရေး သီချင်းတွေ သီဆိုနေကြတာကို မြင်တွေ့ရပါတယ်။
ပလတ်စတစ်ပုံးတွေကို တီးခတ်ပြီး မြူးကြွတဲ့ အလိုမရှိ ဆိုတဲ့ သီချင်းကိုတော့ ထိုင်သပိတ်လုပ်နေသူအားလုံးကလည်း ဝိုင်းဆိုခဲ့ကြတဲ့ မြင်ကွင်းဟာ မြင်ရကြားရသူတွေကို စိတ်ကြည်နူးခွန်အားဖြစ်စေပါတယ်။
အာဏာရှင်ကို မောင်းထုတ်တဲ့ သံပုံးတီးလှုပ်ရှားမှုကို ရေးစပ်ထားတဲ့ အလိုမရှိ သီချင်းက စစ်ချီတီးလုံးနဲ့ ဆင်တူတဲ့အတွက်လည်း စိတ်ဓာတ်တက်ကြွစေပါတယ်။
“တယောက်တည်း ခံစားနေရမယ် အမေ့သားတွေ သမီးတွေလက်တွေပြ၊ ပုခုံးပေါ်ထမ်းတင်ထားတဲ့ အမေ့စကားတွေ နားထဲကြားနေရ၊ ဘယ်လိုပဲအခက်အခဲတွေရှိပါစေ အကုန်ဖြတ်ကျော်သွားမယ့် စိတ်ကိုထား၊ တယောက်ချင်းအကုန်ဝိုင်းတွန်းကြရင် ပိတ်ထားတဲ့ တံခါးများပွင့်မှာပါ။ သစ်တပင်ကောင်းမှ ငှက်တသောင်းလုံးနားလို့ရမှာပါ၊ ဟေ့ အမှန်တရားကို ရရင်ရ ပြန်မရင် အဆုံးထိသွားမှာပါ ၊ သံပုံးတွေရှေ့မှာချ တစ္ဆေတယောက်လို မောင်းထုတ်သွားမှာပါ ၊ အနိုင်ရရင် က ချင်ကမယ် အနိုင်မရခင် သွေးတွေရဲနေမှ ပိတ်ထားတဲ့နားတွေက အကုန်လုံးအော်ပြောမှကြားမှာပါ”။
“အာဏာရှင်မောင်းထုတ်ကြမယ် အလိုမရှိ အလိုမရှိ ၊ ပြည်သူတွေကန့်ကွက်ကြမယ် အလိုမရှိ မလိုမရှိ ၊ သံပုံးတွေ တို့အတူတီး အမှန်တရားအတွက် ရဲရင့်ဖို့လိုပြီ ၊ အာဏာရှင်မောင်းထုတ်ကြမယ် အလိုမရှိ အလိုမရှိ၊ ပြည်သူတွေကန့်ကွက်ကြမယ် အလိုမရှိ မလိုမရှိ၊ သံပုံးတွေတို့ အတူတီး အမှန်တရားအတွက် ရဲ့ရင့်ဖို့လိုပြီ ဆန္ဒဖော်ထုတ်ကြမယ် အမှန်တရားဘက်မှာ ငါတို့ရပ်တည်ပြီ”
ဒီသီချင်းဟာ ၂၀၂၁ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုအတွင်း လူငယ်တွေအကြားမှာ ဝိုင်းဖွဲ့သီဆိုမှုအများဆုံး တေးသီချင်းတပုဒ်ဖြစ်ပြီး ၈၈၈၈ လူထုအရေးတော်ပုံကာလက ထွက်ရှိခဲ့တဲ့ ကမ္ဘာမကြေဘူးသီချင်းနဲ့ အရေးကြီးပြီ တော်လှန်ရေး သီချင်းတွေဟာလည်း သပိတ်စစ်ကြောင်းတွေနဲ့အတူ နေ့စဉ်လွင့်ပျံ့နေဆဲဖြစ်ပါတယ်။