ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စစ်တပ်က မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့မနက်က လူထုအင်အားသိန်းချီပြီး မြို့တစ်ပတ်လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်ပွဲကို ဘားအံမြို့နယ်အတွင်းက ဒေသခံပြည်သူတွေ၊ ကရင်၊ ပအို့ဝ်၊ မွန်လူငယ်တွေ၊ မျိုးချစ်ကရင်လူငယ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူမှုကူညီရေးအသင်းတွေနဲ့ စစ်အာဏာဏရှင်စနစ်ကို မလိုလားတဲ့သူတွေက ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
“ကျနော်တို့ တောင်းဆိုတာ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ကိုယ်စားလှယ်တွေကို အတည်ပြုပေးရေး၊ ကျနော်တို့ရဲ့ခေါင်းဆောင်အားလုံးကို လွှတ်ပေးရေးဆိုတဲ့ အချက် ၂ ချက်ကို အဓိကတောင်းဆိုတယ်” လို့ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ ကိုတေဇက ပြောပါတယ်။
ဆန္ဒထုတ်ဖော်ရာမှာ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ၊ အထိန်းသိမ်းခံ ခေါင်းဆောင်များ ချက်ချင်းလွှတ်ပေးရေး၊ “ရဲ ရဲ ဘယ်သူ့ရဲ၊ ပြည်သူ့ရဲ” စတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်ပွဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တားဆီးနှောင့်ယှက်တာမရှိသလို ဆန္ဒထုတ်ဖော်သူတွေဘက်ကလည်း ထိပ်တိုက်တွေ့ဆုံမှု မပြုလုပ်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ နောက်နေ့တွေမှာလည်း ဆက်လက် ဆန္ဒထုတ်ဖော်သွားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။