Home
မြန်မာသတင်း
စစ်အစိုးရကို သံပုံးတီးဆန့်ကျင်သည့် လူထုလှုပ်ရှားမှုတွင် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ပါဝင်
DVB
·
February 5, 2021

စစ်အစိုးရကို သံပုံးတီးပြီး ဆန့်ကျင်ကန့်ကွက်တဲ့  အကြမ်းမဖက် လူထုလှုပ်ရှားမှုမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တယ်လို့  နေအိမ် အကျယ်ချုပ်ကျနေရတဲ့  အာဏာအသိမ်းခံ အရပ်သားအစိုးရရဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။ 

“ပြည်သူတွေကိုပြောချင်တာ ညက ပြည်သူတွေ တီးလိုက်တဲ့ဒီအသံဟာ ကျမတို့က အကျယ်ချုပ်နဲ့ နေနေရတာပါ။ ကျမက လုပ်ပေးနိုင်တဲ့အတိုင်းအတာ ဘာရှိလဲဆိုတော့ အခုပြည်သူတွေကို ကျမကလေ ပြန်ပြီးတော့ အားပေးတာပါ။  ပြည်သူများက ပေးလိုက်တဲ့ အသံတွေဟာ မနေ့ညက ကျမကိုယ်တိုင်လည်း တီးတယ်။ ကြားရတော့ ကျမလေ တကယ်ပဲ အားရှိတယ်။ ဘာလို့လဲဆိုတော့ အသံဟာ ကျမအိမ်ဟာ အစိုးရဝန်ထမ်းဝင်းထဲမှာပါ။ ရပ်ကွက်နဲ့တော်တော်ဝေးပါတယ်။ အဲဒီအသံတွေဟာ ဟိန်းပြီးတော့ ကျမအိမ်ထိ ရောက်လာတယ်။ ကျမ ဘယ်လိုမှ မနေနိုင်ဘူး။ ဘေးနားမှာရှိတဲ့ရေပုံးနဲ့ တီးပစ်လိုက်တာ။ ဘုရားသောက်တော်ရေဘူးလည်း ကွဲရော။ အဲလို စိတ်ထဲမှာခွန်အားတွေဖြစ်တယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံနေရချိန်မှာ အခုလိုမျိုး ခွန်အားတွေပေးတဲ့  ပြည်သူလူထုကို အရမ်း ကျေးဇူးတင်တယ်လို့လည်း ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။ 

“ကျမလို အကျယ်ချုပ်ကျနေသူ အကုန်လုံးအတွက်လည်း ကျေးဇူးတင်တယ်။ သူတို့ကိုယ်စားလည်း ပြောပေးလိုက်မယ်။ ကျမ လုပ်ပေးနိုင်တဲ့ဟာ ဘာရှိသေးလဲ။ ပြည်သူကို ကျမ တကယ်ပဲ အထူးကျေးဇူးတင်တယ်လို့နော်။ နောက် သူတို့ပြတဲ့ ကျမတို့အဖွဲ့အစည်းတွေ ဝန်ထမ်းတွေ ဌာနဆိုင်ရာတွေရဲ့ပုံတွေလည်း တွေ့ရတဲ့အခါကျတော့ မထင်မှတ်ဘဲနဲ့ ကျမတို့ကတောင်မှ ပြည်သူကရွေးပေးထားတဲ့လူတွေ ကျမတို့မှာ အမှန်တကယ် တာဝန်ရှိတဲ့လူတွေထက်တောင်မှ ပြည်သူတွေက ကျမတို့ပေါ်မှာ တာဝန်ကျေတာတွေက များနေတယ်လို့ ကျမ ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အားမရဘူး။ ကိုယ်ဘာလုပ်ပေးရမလဲ ဆိုတာပဲ အမြဲစိတ်ကူးနေပါတယ်။ ဒါကြောင့်မို့ ကျမ ပြည်သူတွေကို ကျေးဇူးတင်တယ်။”

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်တဲ့သူတွေကို ဖမ်းဆီးတာတွေရှိနေတဲ့အတွက် နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို ကူညီပေးဖို့လည်း ဒေါ်နန်းခင်ထွေးမြင့်က တိုက်တွန်းပါတယ်။ 

“နိုင်ငံတကာကိုလည်း ကျမ ပြောချင်တာကတော့ ကျမတို့ပြည်သူတွေကို မပစ်ထားပါနဲ့။ ကျမတို့ပြည်သူတွေဟာ အင်မတန်မှ ဆင်းရဲပင်ပန်းနေပါပြီ။ သူတို့ကလည်း ဆင်းရဲတဲ့လူတွေကိုမှ ဖမ်းပြီးတော့ ပိုပြီးတော့ နှိပ်စက်တယ်။ ဘာလို့လဲဆို ဆင်းရဲတဲ့လူက ဝန်းရံတဲ့လူ နည်းတယ်လေ မဟုတ်လား။ အဲဒီတော့ မိသားစုမရှိလို့ လမ်းဘေးမှာ ကွမ်းယာရောင်းနေတဲ့လူတွေ အခြေအနေမဲ့နေတဲ့ လူတွေကို ပိုပြီးတော့ ထုလိုက်ထောင်းလိုက် လုပ်ကြတာပေါ့နော်။ အဲဒီတော့ ကျမထင်တယ်။ ကျမတို့ ပြည်သူကြီးကလို့ ဒီလိုပဲ ဆက်ပြီးတော့ ကျမတို့ကို အားပေးပါ။ ဒိထက် ဒိထက်ပိုပြီးတော့ ကျမတို့ဟာ ဟိုးမိုးထိကြားရအောင် တကမ္ဘာလုံးထိ ကြားနိုင်တဲ့အထိကို တီးပြီးတော့ အားပေးပါဦးလို့ ကျမမေတ္တာရပ်ခံလိုပါတယ်။ လူထုကြီးကို ကျမ ကျေးဇူးအထူးပဲ တင်ပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူပြီး သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါအဝင် အစိုးရအဖွဲ့ ထိပ်တန်းတာဝန်ရှိသူတွေကို စစ်တပ်က ဖမ်းဆီး ထိမ်းသိမ်းခဲ့ပါတယ်။ နောက်တစ်နေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာတော့ ဒေါ်နန်းခင်ထွေးမြင့် အပါအဝင် ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ် တချို့ကို ပြန်လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ် ဆက်ချထား တာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024