လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကပေးတဲ့ လျော်ကြေးက အစီရင်ခံစာနဲ့ ကွဲလွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာတွေက တောင်သူတွေရဲ့ မြေယာတွေ ဧကထောင်နဲ့ချီ သိမ်းယူခံခဲ့ကြရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ လုံးဝပြေလည်မှုမရရှိသေးဘဲ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ တောင်သူတချို့ လျော်ကြေးငွေထုတ်ယူတာတွေ ရှိခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လျော်ကြေးရယူချင်သူတွေနှင့် ကာလပေါက်ဈေးမရမချင်း လျော်ကြေး မယူမယ့်သူတွေကြား သဘောထားကွဲလွဲမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။
လက်ရှိပေးနေတဲ့ လျော်ကြေးက ကာလပေါက်ဈေးနဲ့ များစွာကွာဟနေပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာပါအချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် လျော်ကြေးမယူမယ့်သူတွေက ဇန်နဝါရီ ၂၅ ရက်နေ့မနက်ပိုင်းမှာ ဆည်တည်းကျေးရွာအနီး ယာကွင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
မြေသိမ်းခံတောင်သူ ဒေါ်ညိုလေးက “လတ်တလောထွက်လာတဲ့စာအရ ကျမတို့က မကျေနပ်လို့ အခုလို သတင်းစာရှင်းလင်းပွဲလေး ပြုလုပ်တာပါ။ ကျမတို့ဒေသခံတွေက ပြည်သူ့အစိုးရက ၅ နှစ်တာကာလသာ ပြီးသွားတယ် ခေါ်ယူညှိနှိုင်းတာ မပြုလုပ်ခဲ့ပါဘူး။ အဲဒီအတွက်လည်း ကျမတို့မှာ ခံစားရပါတယ်။ ဒေသရဲ့ ဆိုးကျိုးကောင်းကျိုးတွေကို မျှဝေပြီးတော့ အစိုးရ၊ လွှတ်တော်ထိ သွားရောက်တောင်းဆိုခဲ့တယ်။ ဒေသကို လာရောက်ပြီး ရှင်းပြခြင်း၊ ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်းမရှိဘူး။ အခုလတ်တလောထွက်တဲ့ စာဆိုတာကလည်း ဒေသခံတချို့တော့ ပါရင်ပါလိမ့်မယ်။ ဒေသရဲ့ ကိုယ်စားလှယ်မဟုတ်ပါဘူး။ အစီရင်ခံစာကို သွေဖည်ပြီးတော့ ထွက်လာတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း လုံးဝလက်မခံပါဘူး။ အစီရင်ခံစာအတိုင်းပဲ ကာလဒေသပေါက်ဈေးနဲ့လျော်ညီစွာ ပေးမယ်ဆိုရင်တော့ မြေယာလျော်ကြေး မယူသေးတဲ့ လူတွေအားလုံးက တညီတညွတ်တည်း ထုတ်ယူမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာလကုန်ပိုင်းက အစိုးရ၊ လွှတ်တော်၊ ကုမ္ပဏီနှင့် ဒေသခံတချို့ပါဝင်တဲ့ Joint Implementation Team – JIT အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး ဒေသခံတွေက အချက် ၉ ချက်တောင်းဆိုရာမှာ ၅ ချက်ကို သဘောတူညီချက်ရရှိခဲ့တဲ့အတွက် တောင်သူတချို့က မြေယာလျော်ကြေးကို သတ်မှတ်ချက်အတိုင်း ထုတ်ယူခဲ့ကြပါတယ်။
လက်ရှိမှာ မြေယာလျော်ကြေးမယူသေးတဲ့ တောင်သူတွေလည်း ကျန်နေသေးပြီး ဆည်တည်း၊ ဝက်မှေး စတဲ့ စီမံကိန်းနဲ့ မလွတ်ကင်းတဲ့ကျေးရွာတွေ အိမ်ခြေ ၁၀၀ ကျော် ပြောင်းရွှေ့ရေးကလည်း ကျန်ရှိနေပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ပြေလည်မှုတွေတော့ မရရှိသေးပါဘူး။ အစီရင်ခံစာအရ မြေဧရိယာ ၇ ထောင်ကျော်မှာ လယ်ယာမြေက ၅,၀၀၀ ကျော် ပါဝင်ခဲ့တာဖြစ်ပါတယ်။
အောင်ကိုလတ်